MySport Myanmar

အန်ကွန်ကူနဲ့ အတူ ချဲလ်ဆီးကို ရောက်လာချင်ကြောင်း ဂါဗာဒီယော့ ဖွင့်ဟ

လိုက်ပ်ဇစ်အသင်းရဲ့ ခရိုအေးရှား နောက်ခံကစားသမား ဂါဗာဒီယော့က သူရဲ့ ကလပ်အသင်းဖော် တိုက်စစ်ကစားသမား ခရစ္စတိုဖာ အန်ကွန်ကူရဲ့ အသင်းသစ် ဖြစ်လာတော့မဲ့ ချဲလ်ဆီးအသင်းဆီကို အန်ကွန်ကူနဲ့အတူ ပြောင်းရွေ့သွားချင်ကြောင်း အရိပ်အမြွက် ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Real Champs

အသက်(၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ ခရိုအေးရှား လက်ရွေးစင် ဗဟိုနောက်ခံလူ ဂါဗာဒီယော့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ကတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအတွက် အတော်လေးကို ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး သူ့ကိုလည်း ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေက အသည်းအသန်ကို ခေါ်ယူသွားချင်နေပါတယ်။ ဂါဗာဒီယော့လို အသက် ငယ်ရွယ်ပြီး အရည်အချင်း ပြည့်ဝတဲ့ ခံစစ်ကစားသမားကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ချဲလ်ဆီးလည်း ပါဝင်ခဲ့ပြီး ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ လိုက်ပ်ဇစ်ဘက်ကတော့ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုနဲ့ ပတ်သတ်ပြီး ဂါဗာဒီယော့က “ကျွန်တော့် အေးဂျင့်က ကျွန်တော့်ကို ချဲလ်ဆီးအသင်းက အရမ်း စိတ်ဝင်စားနေတယ်လို့ ဖုန်းခေါ်ပြီး ပြောပါတယ်။ ချဲလ်ဆီးလို ကြီးမားတဲ့ ကလပ်အသင်းကြီး တစ်ခုကနေ လေးလေးနက်နက် ကမ်းလှမ်းမှုတစ်ခု ရလာခဲ့မယ်ဆိုရင် ဒါကို အသေအချာ စဉ်းစားရပါတော့မယ်။ လိုက်ပ်ဇစ်ကတော့ သူတို့ ကျွန်တော့်ကို မရောင်းချင်ဘူးလို့ ပြောပါတယ်။ အဆုံးသတ်မှာတော့ အပြောင်းအရွှေ့အတွက် ဘာ သဘောတူညီချက်မှ မရရှိခဲ့လို့ အဲ့ဒီအပေါ်မှာ ကျွန်တော် တကယ် စိတ်ပျက်မိပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဆက်လက်ပြီး သူရဲ့အသင်းဖော် အန်ကွန်ကူနဲ့ ပတ်သတ်လို့ ဂါဗာဒီယော့က “ခရစ္စတိုဖာလို ကစားသမားမျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး။ သူက မယုံနိုင်စရာကောင်းတဲ့ ကစားသမားမျိုးပါ။ တစ်စုံတစ်ယောက်နဲ့ စကားပြောတိုင်း သူ့အကြောင်းပါ ထည့်ပြောဖြစ်တဲ့အခါမျိုးဆိုရင် သူသွားတဲ့ နေရာတိုင်း ကျွန်တော်ပါ လိုက်သွားချင်တယ်လို့ ပြောခဲ့ဖူးပါတယ်” လို့ ဝန်ခံသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ အန်ကွန်ကူကို လာမဲ့နွေမှာ ခေါ်ယူဖို့အတွက် အကြို သဘောတူညီမှု ရယူထားခဲ့တာဖြစ်ပြီး တကယ်လို့ အသင်း ခံစစ်ပိုင်းက ကူလီဘလီကိုသာ ရောင်းချဖြစ်ခဲ့မယ်ဆိုရင် အန်ကွန်ကူရဲ့ အသင်းဖော် ဂါဗာဒီယော့ကိုပါ တစ်ပါတည်း ခေါ်ယူဖွယ် ရှိနိုင်ပါတယ်။

Exit mobile version