စပါးအသင်းရဲ့နည်းပြဖြစ်သူ ဟိုဆေးမော်ရင်ဟိုက သူရဲ့အသင်းအနေနဲ့ အခုနှစ်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားမြင့်တင်သွားဖို့နဲ့ အဓိကတိုက်စစ်ကစားသမား ဟယ်ရီကိန်း ဒဏ်ရာရသွားတဲ့အခါမျိုးမှာ အရန်သင့်အသုံးပြုနိုင်ဖို့အတွက် တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူသွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုုလိုက်ပါတယ်။ လတ်တလောမှာတော့ စပါးအသင်းဟာ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့တိုက်စစ်ကစားသမား ပက်စတန်ဒါကာကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ကစားသမားကတော့ စပါးကို ပြောင်းရွှေ့ကစားဖို့ ပယ်ချထားခဲ့ပါတယ်။

Photo Credit : Mirror

အသက်(၂၁)နှစ်သာရှိသေးတဲ့ တိုက်စစ်ကစားသမားလေး ဒါကာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် သွင်းဂိုး(၂၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပေမယ့်လည်း ဟယ်ရီကိန်းရဲ့နောက် အရန်တိုက်စစ်မှူးအဖြစ်နဲ့သာ ကစားရမှာဖြစ်လို့ စပါးရဲ့ကမ်းလှမ်းချက်ကို ပယ်ချခဲ့တာလည်းဖြစ်ပါတယ်။ ဒီလို အသင်းပြောင်းဖို့ ပယ်ချခဲ့တာနဲ့ပတ်သက်ပြီး စပါးနည်းပြမော်ရင်ဟိုက “အဓိကအချက်ကတော့ ကျွန်တော်ကို ဒီတိုက်စစ်မှူးက မယုံကြည်ဘူးဆိုရင် ကျွန်တော်လည်းသူ့ကို ယုံကြည်စရာအကြောင်းမရှိဘူး”

Photo Credit : Mirror

“နောက်ပြီး တိုက်စစ်မှူးက စပါးအသင်းကို ပြောင်းရွှေ့လာဖို့ ကြောက်ရွံနေမယ်ဆိုရင် စပါးအသင်းရဲ့တိုက်စစ်မှာ နေရာတစ်နေရာရဖို့ တိုက်ပွဲဝင်ဖို့ ကြောက်ရွံနေမယ်ဆိုရင် အဲ့ဒီတိုက်စစ်မှူးကို ကျွန်တော်မလိုအပ်ဘူး။ သူအနေနဲ့ ဟယ်ရီကိန်း ဆွန် လာမယ်လာ လူးကပ်စ်မော်ရာတို့လို တိုက်စစ်ကစားသမားတွေ ရှိနေကြတဲ့ အသင်းတစ်သင်းကို မလာချင်ဘူးဆိုရင်လည်း Goodbye လို့ပဲ ကျွန်တော်ကပြောလိုက်ချင်တယ်။ ဒါပေမယ့် ကျွန်တော်တိုက်စစ်မှူးတစ်ယောက်တော့ လိုအပ်ပါတယ်။ ကလပ်အသင်းကလည်း လိုအပ်တယ်။ ကျွန်တော့်အတွက်လည်း လိုအပ်တယ်။ တစ်ယောက်လောက်တော့ ရနိုင်မလားဆိုရင် ကျွန်တော်ကတော့ ယုံကြည်တယ်။ အသင်းရဲ့လူစာရင်းကို မျှတနေစေဖို့အတွက်ကတော့ တိုက်စစ်မှူးတစ်ယောက် လိုကိုလိုပါတယ်။ တစ်ယောက်လောက်တော့ အသင်းကို ရောက်လာလိမ့်မယ်လို့ ယုံကြည်ထားတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ စပါးအသင်းဟာ တိုက်စစ်ပိုင်းအတွက် ကော်လန်ဝီလ်ဆန် မီလစ် ဒီနေး ဒါကာအစရှိတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တာကြောင့် ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားပြီဖြစ်တဲ့ ဘုန်းမောက်အသင်းရဲ့ နော်ဝေတိုက်စစ်မှူး ဂျိုရှုအာကင်းကိုပဲ ပေါင်သန်း(၂၀)လောက်နဲ့ ကမ်းလှမ်းသွားဖွယ်လည်း ရှိလို့နေပါတယ်။