MySport Myanmar

ရာနီယေရီက ဖာဂီ ပပ်တို့ထက် ပရီးမီးယားလိဂ်ရဲ့ legend နည်းပြ ဖြစ်တယ်လို့ ဂျိုဆေး ဆို

ချယ်လ်ဆီး၊ မန်ချက်စတာ ယူနိုက်တက်၊ တော့တင်ဟမ် ဟော့စပါးအသင်းတို့နဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကို ဖြတ်သန်းခဲ့ဖူးတဲ့ စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက လက်စတာ နည်းပြဟောင်းကြီး ကလော်ဒီယို ရာနီယေရီဟာ ပရီးမီးယားလိဂ်ရဲ့ legend နည်းပြကြီးတစ်ဦး ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။

အီတလီလူမျိုး ဝါရင့် ဘောလုံးနည်းပြကြီး ရာနီယေရီဟာ လက်ရှိမှာ ရိုးမားအသင်းနည်းပြအဖြစ် ဆောင်ရွက်နေတာ ဖြစ်သလို နည်းပြသက်တမ်းတစ်လျှောက်မှာလည်း ဘောလုံးအသင်းပေါင်းများစွာကိုပါ ကိုင်တွယ်ခဲ့ဖူးပါတယ်။ ရာနီယေရီဟာ အင်္ဂလန်မှာလည်း ချယ်လ်ဆီး လက်စတာ ဖူလ်ဟမ် ဝက်ဖို့ဒ်အသင်းတွေကို ကိုင်တွယ်ခဲ့ပါသေးတယ်။

Photo Credit : The Independent

နည်းပြကြီး ရာနီယေရီဟာ ၂၀၁၅ခုနှစ်မှာပဲ လက်စတာကို စတင် ကိုင်တွယ်ခဲ့ရပြီး အဲ့ဒီဘောလုံးရာသီမှာပဲ ကမ္ဘာ့ဘောလုံးရပ်ဝန်း တစ်ခုလုံးကို အံ့အားသင့်စေနိုင်မယ့် အရာအဖြစ် လက်စတာနဲ့အတူ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကြီးကို ရယူပေးနိုင်ခဲ့ပါတယ်။ လက်စတာဟာ အဲ့ဒီအချိန်က အဆင့်(၂)နေရာက အာဆင်နယ်ကို (၁၀)မှတ်ထိ ဖြတ်တောက်ပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

လက်စတာလို အသင်းမျိုးက ပရီးမီးယားလိဂ်မှာ ထိပ်တန်းအသင်းကြီးတွေကို ကျော်ဖြတ်ပြီး အမှတ်ပေး ချန်ပီယံကို ဆွတ်ခူးနိုင်ဖို့ ဘယ်လိုမှ မလွယ်ကူနိုင်ခဲ့ပေမယ့်လည်း ဒီလို အံ့အားသင့်စရာ ဖြစ်ရပ်ကြီးကို နည်းပြကြီး ရာနီယေရီက အံ့ဖွယ် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ခဲ့တဲ့ ရာနီယေနီနဲ့ ပတ်သက်ပြီး မော်ရင်ဟိုကလည်း ထူးထူးခြားခြား မှတ်ချက်ပြုခဲ့ပြန်ပါတယ်။

Photo Credit : Eurosport

ချယ်လ်ဆီး ကစားသမားဟောင်း မီခေးလ်နဲ့ အမေးအဖြေ အစီအစဉ်အတွင်း ဖာဂူဆန်နဲ့ ဂွါဒီယိုလာမှာ ဘယ်သူပိုကောင်းလဲလို့ မီခေးလ်က မေးမြန်းလာခဲ့တဲ့အပေါ် မော်ရင်ဟိုက “သူတို့နှစ်ယောက်စလုံး ပရီးမီးယားလိဂ်မှာ သမိုင်းဝင် နည်းပြတွေပါ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ အကျော်ကြားဆုံးက ရာနီယေရီပါ။”

“ဒီမျိုးဆက်မှာ မန်ချက်စတာ ယူနိုက်တက် ဒါမှမဟုတ် မန်ချက်စတာ စီးတီးနဲ့ (၅)ကြိမ် (၆)ကြိမ် ဆုဖလားရတာက ကြီးမားတဲ့ အောင်မြင်မှုပါ။ ဒါပေမယ့် လက်စတာကို ချန်ပီယံဖြစ်အောင် ခေါ်ဆောင်သွားတာက ထူးခြားတဲ့ အရာပါ။ ဘယ်လို အကြောင်းပြချက်မှ မရှိပါဘူး။ ဒါဟာ ကျွန်တော် မြင်ဖူးသမျှနဲ့ ကြုံတွေ့ဖူးသမျှ အံ့မခန်း အကောင်းဆုံး ဆုဖလားပါပဲ။” လို့ ဖြေဆိုသွားခဲ့ပါတယ်။

Exit mobile version