စပါးအသင်းရဲ့နည်းပြ ဟိုဆေးမော်ရင်ဟိုကတော့ အသင်းရဲ့ ဆယ်ကျော်သက်လူငယ်ကစားသမားလေးဖြစ်တဲ့ ဒိန်းစကားလက်ပ်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပြီး ဒီလူငယ်လေးဟာ အသင်းအတွက် အရမ်းကို အကျိုးပြုလာနိုင်မယ့် ကစားသမားတစ်ဦးဖြစ်သလို သူရဲ့တပည့်ဟောင်းဖြစ်ခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်ရပ်ရှ်ဖိုဒ့်လို ပုံစံမျိုး ကစားပြနိုင်ခဲ့တယ်လို့ပါ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Evening Standard

အသက်(၁၆)နှစ်အရွှယ်သာ ရှိသေးတဲ့ အင်္ဂလန်လူငယ် တိုက်စစ်ကစားသမားလေး ဒိန်းစကားလက်ပ်ဟာ စပါးလူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး လူဒိုဂိုရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ယူရိုပါလိဂ် အုပ်စုအဆင့်ပွဲစဉ်မှာပဲ သူရဲ့စပါးစီနီယာကစားသမားဘဝကို စတင်ခဲ့ရတာဖြစ်ပါတယ်။ စကားလက်ပ်ဟာ ဝုလ်ဖ်ဘာဂါအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ယူရိုပါလိဂ် (၃၂)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာလည်း အသင်းအတွက် ထပ်မံလူစားဝင် ကစားခဲ့ရပြီး သူရဲ့လျင်မြန်လှတဲ့ အတိုးအလှုပ်တွေကနေ တိုက်စစ်မှူးဗင်နီစီယပ်စ်က အသင်းအတွက် စတုတ္ထမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit : Planet Football

ဒီလူငယ်ကစားသမားလေး စကားလက်ပ်နဲ့ပတ်သက်ပြီး မော်ရင်ဟိုက “သူက အသင်းအတွက်တော့ ရတနာပါတစ်ပါးပါပဲ။ သူ့မှာ တကယ့်ကို အလားအလာကောင်းတွေလည်း ပိုင်ဆိုင်ထားတယ်။ စီနီယာအသင်းနဲ့လည်း အကြိမ်ပေါင်းများစွာ တွဲဖက်ကစားခဲ့သလို ကျွန်တော် သူ့ကိုလည်း အရည်အသွေးအမျိုးမျိုး ရရှိလာအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ သူက အခုဆို (၁၆)နှစ်သာ ရှိနေသေးပြီး လာမယ့် မတ်လမှသာ (၁၇)ပြည့်မှာပါ။ နောက်ဘောလုံးရာသီလောက်ဆိုရင် ဒိန်းအနေနဲ့ အသင်းရဲ့ ပွဲထွက်ကစားသမားတစ်ယောက်တောင် ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ထင်မိတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အရည်အသွေးကောင်းတွေ များစွာရှိနေလို့ပါပဲ။ တကယ့်ကို ထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာမှာပါ။ ဖြစ်လာဖို့လည်း ကျွန်တော်မျှော်လင့်တယ်။ သူက တကယ်တော့ အထောင်တိုက်စစ်ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် သူ့ကို တိုက်စစ်အစွန်မှာ ထားပြီးကစားခိုင်းတော့လည်း သူက မားကပ်ရပ်ရှ်ဖိုဒ့်လိုမျိုး ကစားပြနိုင်ခဲ့တယ်။ တကယ့်ကို ထူးချွန်လှတဲ့ ကစားသမားလေးပါ” လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ စကားလက်ပ်ဟာ စပါးယူ-၁၈အသင်းနဲ့အတူ ပရီးမီးယားလိဂ် ယူ-၁၈ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲနေပြီး (၁၂)ပွဲအတွင်းမှာ သွင်းဂိုး(၁၃)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။