ယူရို-၂၀၂ဝပြိုင်ပွဲကြီးကတော့ မနေ့ညကပဲ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။ အီတလီအသင်းက ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရခဲ့ပြီး ယူရို-၂၀၂ဝရဲ့ ချန်ပီယံ ဖြစ်လာခဲ့ရသလို အီတလီအသင်းရဲ့ ဂိုးသမားဖြစ်သူ ဒွန်နာရမ်မာက ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆုကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒါပေမယ့် စပယ်ရှယ်ဝမ်း နည်းပြကြီး ဟိုဆေးမော်ရင်ဟိုက သူ့အတွက် ယူရို-၂၀၂ဝပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားကတော့ အင်္ဂလန်နောက်ခံအစွန်လူ ကိုင်းလ်ဝေါ်လ်ကာသာဖြစ်တယ်လို့ သတ်မှတ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၂)နှစ်အရွှယ် အီတလီဂိုးသမား ဒွန်နာရမ်မာက ယူရို-၂၀၂ဝပြိုင်ပွဲတလျှောက် Clean Sheets (၃)ပွဲ ရယူနိုင်ခဲ့သလို ဂိုးကာကွယ်မှု (၉)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး စပိန်နဲ့ ကစားခဲ့ရတဲ့ ဆီမီးဖိုင်နယ်ပွဲနဲ့ အင်္ဂလန်နဲ့ ဝင်ဘလေမှာ ရင်ဆိုင်ခဲ့ရတဲ့ ဖိုင်နယ်ပွဲတွေမှာလည်း ပင်နယ်တီ အဆုံးအဖြတ် ခံယူနေရစဉ်အတွင်း အသင်းအတွက် ပင်နယ်တီကာကွယ်မှုတွေ လုပ်ဆောင်ခဲ့ပြီး အသင်းအတွက် သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် မော်ရင်ဟိုကတော့ ယူရိုပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ဒွန်နာရမ်မာထက် အင်္ဂလန်ညာနောက်ခံလူ ဝေါ်လ်ကာကသာ ပိုပြီးရရှိခဲ့သင့်တယ်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : CaughtOffside

မော်ရင်ဟိုက “ကျွန်တော့်အတွက် ယူရိုပြိုင်ပွဲရဲ့ ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆိုရင်တော့ ကိုင်းလ်ဝေါ်လ်ကာပါပဲ။ သူက ဒီပြိုင်ပွဲရဲ့ ထူးခြားအံ့သြသင့်စရာ အကောင်းဆုံးသူလို့ ကျွန်တော်ထင်ပါတယ်။ သူက ပြိုင်ပွဲရဲ့ ပထမဆုံးမိနစ်ကနေ ဖိုင်နယ် နောက်ဆုံးမိနစ်လောက်အထိကို အံ့အားသင့်စရာကောင်းအောင် ကစားသွားနိုင်ခဲ့တယ်။ သူက ဗဟိုခံစစ်ပိုင်းအတွက် ကာဗာလည်း လုပ်ပေးနိုင်ခဲ့တယ်။ ပြီးတော့ ကလပ်အသင်းမှာတုန်းကလို တိုက်စစ်ကိုလည်း အရမ်းလိုက်ပါတာမျိုးတွေလည်း မရှိခဲ့ဘူး။ ဘာလို့လဲဆိုတော့ အသင်းနည်းပြရဲ့ နည်းဗျူဟာကြောင့်ပါ။ ဒါကိုလည်း သူက အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ ကျွန်တော်က ကစားသမားတစ်ယောက်ကို အကောင်းဆုံး ချီးမွမ်းတဲ့အခါကျရင် တိရစ္ဆာန်တစ်ကောင်ဆိုပြီး သုံးနှုန်းလေ့ရှိပါတယ်။ ဝေါ်လ်ကာက ကျွန်တော့်အတွက်ဆိုရင် တကယ့်ကို တိရစ္ဆာန်တစ်ကောင်လိုပါပဲ။ ပွဲအစကနေ ပွဲသိမ်းခရာမှုတ်ချိန်အထိကို မနားတမ်း ကစားသွားနိုင်တာ တကယ့်ကို အံ့မခန်းပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် မော်ရင်ဟို ရွေးချယ်ခဲ့တဲ့ ကိုင်းလ်ဝေါ်လ်ကာဟာ ယူရို-၂၀၂ဝရဲ့ အကောင်းဆုံးကစားသမား (၁၁)ယောက်စာရင်းထဲမှာပင် မပါဝင်လာခဲ့ပဲ သူရဲ့အင်္ဂလန်အသင်းဖော်တွေဖြစ်တဲ့ စတာလင် လုခ်ရှောနဲ့ မက်ဂွိုင်းရားတို့သာ ပါဝင်လာခဲ့ရပါတယ်။