စပါးအသင်းရဲ့နည်းပြ ဟိုဆေးမော်ရင်ဟိုဟာ သူရဲ့နည်းပြဘဝတလျှောက်မှာ ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးရဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက်တို့လို ဥရောပထိပ်သီးအသင်းတွေကို ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုတွေများစွာကိုလည်း အရယူနိုင်ခဲ့ပါတယ်။ မော်ရင်ဟိုဟာ သူရဲ့နည်းပြဘဝတလျှောက် ထိပ်သီးကစားသမားကောင်းတွေများစွာနဲ့ လက်တွဲလုပ်လုပ်ကိုင်ခဲ့ဖူးတာဖြစ်ပြီး ဒီကစားသမားတွေထဲကမှ သူ့အတွက် အကောင်းဆုံးဖြစ်ခဲ့တဲ့ ကစားသမား(၁၁)ယောက်ကို ရွေးထုတ်လာခဲ့ရာ ဒီစာရင်းထဲမှာ နာမည်ကြီးကစားသမားတွေများစွာ ကျန်ရစ်နေခဲ့ရပါတယ်။

Photo Credit : Daily Mail

မော်ရင်ဟိုဟာ သူရဲ့အကောင်းဆုံးကစားသမား(၁၁)ယောက်စာရင်းကို ၄-၃-၃ ကစားကွက်နဲ့ ရွေးချယ်ခဲ့တာဖြစ်ပြီး ဂိုးသမားနေရာမှာတော့ ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမားဟောင်းကြီး ပီတာချက်ကို ရွေးချယ်ခဲ့ပါတယ်။ နောက်တန်း(၄)ယောက်နေရာမှာတော့ ချယ်လ်ဆီးကစားသမားဟောင်းတွေဖြစ်တဲ့ ဂျွန်တယ်ရီ ဝီလီယံဂါးလက်စ် ရီကာဒိုကာဗယ်ဟိုတို့ကို ရွေးချယ်ခဲ့ကာ လက်ကျန်ခံစစ်ကစားသမားအဖြစ် အင်တာမီလန်အသင်းရဲ့ ဂန္တဝင်ကစားသမားဖြစ်တဲ့ ဂျာဗီးယားဇနက်တီကို ရွေးချယ်ထားခဲ့ပါတယ်။ ပေါ်တူဂီနောက်ခံလူ ကာဗယ်ဟိုကတော့ သူရဲ့ဆရာ မော်ရင်ဟိုနဲ့ ပေါ်တို ချယ်လ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေမှာ ဆက်တိုက်ပူးပေါင်းခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Daily Mail

ကွင်းလယ်(၃)ယောက်တန်းနေရာမှာလည်း မော်ရင်ဟိုဟာ ချယ်လ်ဆီးကစားသမားဟောင်းတွေဖြစ်တဲ့ ဖရန့်လမ်းပတ်နဲ့ မတ်ခီလီလီတို့ကို ထည့်သွင်းရွေးချယ်လာခဲ့သလို နောက်ထပ်ကွင်းလယ်ကစားသမားတစ်ယောက်အဖြစ် သူနဲ့ ရီးရဲလ်မှာ အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ အိုဇေးကို ရွေးချယ်ခဲ့ပါတယ်။ တိုက်စစ်တန်း(၃)ယောက်နေရာမှာတော့ သူနဲ့ ရီးရဲလ်မှာပဲ လက်တွဲခဲ့ဖူးတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုအပါအဝင် ချယ်လ်ဆီးအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ ဒီဒီယာဒရော့ဘာနဲ့ အီဒင်ဟာဇက်တို့ကို ရွေးချယ်သွားခဲ့ပါတယ်။ ဒါပေမယ့် ထူးခြားတာကတော့ မော်ရင်ဟိုရဲ့ Best 11 စာရင်းထဲမှာ သူရဲ့အသင်းဟောင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတွေ တစ်ယောက်မှကို မပါဝင်လာခဲ့ရတာဖြစ်ပါတယ်။ မော်ရင်ဟို ရွေးချယ်ခဲ့တဲ့ အကောင်းဆုံးကစားသမားစာရင်းထဲမှာ ရီးရဲလ်နောက်ခံလူ ဆာဂျီယိုရာမို့စ် မပါဝင်လာခဲ့သလို သူနဲ့အတူ အင်တာနဲ့ ယူနိုက်တက်အသင်းတွေမှာ လက်တွဲခဲ့တဲ့ တိုက်စစ်မှူးကြီးမိုဗစ် မပါဝင်လာခဲ့တာကလည်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။