MySport Myanmar

မန်ယူကစားသမားတွေ တစ်ဦးမှ မပါဝင်ခဲ့တဲ့ မော်ရင်ဟိုရဲ့ All Time XI အသင်း

ရိုးမားအသင်းရဲ့ နည်းပြဖြစ်သူ ဂျိုဆေးမော်ရင်ဟိုက သူရဲ့နည်းပြသက်တမ်းတလျှောက် တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးတဲ့ ကလပ်အသင်းတွေထဲကမှ သူ့အတွက် အကောင်းဆုံးသော ကစားသမား(၁၁)ယောက်ကို ရွေးချယ်ပြီး All Time XI အသင်းအဖြစ် ပုံဖော်ခဲ့ရာ လက်ရှိကိုင်တွယ်နေတဲ့ ရိုးမားအသင်းက ကစားသမားတွေအပြင် သူရဲ့အသင်းဟောင်းဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်က ကစားသမားတွေလည်း တစ်ဦးတစ်ယောက်မှကို ပါဝင်လာခြင်း မရှိခဲ့ပါဘူး။

Photo Credit : Manchester Evening News

ပေါ်တူဂီလူမျိုး နာမည်ကျော် ဘောလုံးနည်းပြကြီး မော်ရင်ဟို သူရဲ့နည်းပြသက်တမ်းတလျှောက် ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးယဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက် တော့တင်ဟမ်ဟော့စပါးနဲ့ ရိုးမားအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး အောင်မြင်မှုများစွာလည်း ရယူထားနိုင်ခဲ့ပါတယ်။ ဒီလို ကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းတွေထဲကမှ သူနဲ့ လက်တွဲခဲ့ဖူးတဲ့ ကစားသမားတွေအနက် သူ့အတွက် အကောင်းဆုံးလို့ သတ်မှတ်လို့ရနိုင်မယ့် ကစားသမား(၁၁)ဦး ရွေးချယ်ပြီး အကောင်းဆုံးအသင်းအဖြစ် ပုံဖော်ခဲ့ရာမှာ ချယ်လ်ဆီးကစားသမား (၈)ယောက်အထိ အများဆုံး ပါဝင်လာခဲ့ပါတယ်။

Photo Credit : Marca

မော်ရင်ဟိုရဲ့ နည်းပြသက်တမ်းတလျှောက် အကောင်းဆုံးကစားသမား(၁၁)ဦးစာရင်း

ဂိုး – ပီတာချက်(ချယ်လ်ဆီး)

ခံစစ် – ဇနက်တီ(အင်တာ) ကာဗယ်လ်ဟို(ချယ်လ်ဆီး/ပေါ်တို/ရီးယဲလ်) တယ်ရီ(ချယ်လ်ဆီး) အက်ရှ်လေကိုး(ချယ်လ်ဆီး)

ကွင်းလယ် – လမ်းပတ်(ချယ်လ်ဆီး) မက်ခီလီလီ(ချယ်လ်ဆီး) အိုဇေး(ရီးယဲလ်)

တိုက်စစ် – ဟာဇက်(ချယ်လ်ဆီး) ဒရော့ဘာ(ချယ်လ်ဆီး) ရော်နယ်လ်ဒို(ရီးယဲလ်)

() ထဲက အသင်းတွေဟာ ကစားသမားတွေရဲ့့လက်ရှိကလပ်တွေမဟုတ်ပဲ မော်ရင်ဟိုကိုင်တွယ်စဉ်တုန်းက ကစားသမားတွေ ပါဝင်ကစားခဲ့တဲ့ ကလပ်အသင်းကိုသာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Photo Credit : The Mirror

မော်ရင်ဟိုဟာ သူနဲ့ ပေါ်တို ချယ်လ်ဆီး ရီးယဲလ် (၃)သင်းလုံးမှာ တွဲဖက်ခဲ့ဖူးတဲ့ ကာဗယ်လ်ဟိုကို ဦးစားပေး ရွေးချယ်ခဲ့ပြီး သူနဲ့ အဆင်မပြေ ဖြစ်ခဲ့ဖူးတဲ့ အိုဇေးကို ကွင်းလယ်(၃)ယောက်တန်းမှာ ထည့်သွင်းရွေးချယ်ခဲ့တာက အံ့အားသင့်စရာ ဖြစ်နေခဲ့ပါတယ်။ နောက်ပြီး မော်ရင်ဟိုက အသင်းဟောင်း ပေါ်တို ချယ်လ်ဆီး အင်တာနဲ့ ရီးယဲလ်က ကစားသမားတွေကိုသာ ရွေးချယ်ခဲ့တာဖြစ်ပြီး ယူနိုက်တက်နဲ့ စပါးအသင်းတို့က ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ မိုဗစ် ဒီဂီယာ ဟာရီကိန်း ဆွန်ဟောင်မင်တို့ကို ချန်လှပ်ခဲ့သလို ဘန်ဇီမာ မာဆယ်လို အီတူး ဘောလက် အက်ဆီယန်တို့လို ထိပ်တန်းကစားသမားတွေကိုလည်း ချန်လှပ်သွားခဲ့ပါတယ်။

Exit mobile version