လီဗာပူးလ်အသင်းရဲ့ ဂျာမန်ကွင်းလယ်ကစားသမားဟောင်းကြီး ဒီမီတာဟားမန်းကတော့ ဒီနှစ်ဘောလုံးရာသီမှာ သူရဲ့အသင်းဟောင်းလီဗာပူးလ် မန်စီးတီးအသင်းတို့က ဒဏ်ရာပြသာနာတွေနဲ့ အသီးသီးရင်ဆိုင်နေရတာချိန် သူတို့နှစ်သင်းတည်းကပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အပြိုင်အဆိုင်ဖြစ်နေတော့မှာမဟုတ်ပဲ လတ်တလောမှာ တိုက်စစ်စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပြီး ရလဒ်တွေလည်း ကောင်းမွန်နေတဲ့ မော်ရင်ဟိုရဲ့စပါးအသင်းပါ ချန်ပီယံပြေးလမ်းထဲမှာ ပါဝင်လာဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : talkSPORT

ဂျာမန်လက်ရွေးစင်ဟောင်းကြီးဟားမန်းက သူရဲ့အသင်းဟောင်းလီဗာပူးလ်နဲ့ပတ်သက်ပြီး “ဗန်ဒိုက် ဒဏ်ရာရခဲ့တာက ချန်ပီယံဆုပြေးလမ်းအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုကြီး ဖြစ်စေနိုင်မှာပါ။ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူအဖြစ် သတ်မှတ်ရမယ့် ဗာဂျယ်ဗန်ဒိုက်လို ကစားသမားကို ဆုံးရှံးရတာက အလွန်နစ်နာစေပါတယ်။ ဒီကစားသမားက အသင်းကို စရောက်လာကတည်းက အသင်းရဲ့ခံစစ်ကို တန်ဖိုးရှိလှတဲ့ ဥရောပရဲ့ အကောင်းဆုံးခံစစ်ပိုင်းတစ်ခုဖြစ်လာအောင် ပြောင်းလဲပေးလာနိုင်ခဲ့တယ်လေ။ ဒါကြောင့် သူ့လို ခံစစ်မှူးမျိုးကို ဆုံးရှံးရတာက သေချာပေါက်ကို အကြီးမားဆုံး ဆုံးရှံးမှုတစ်ခု ဖြစ်စေမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : talkSPORT

ဒါ့အပြင် မန်စီးတီးအသင်းနဲ့ ပတ်သက်ပြီးတော့ကိုလည်း ဟားမန်းက “စီးတီးကတော့ အခုအချိန်မှာ သူတို့ရဲ့တိုက်စစ်ကစားသမားတွေကို ဒဏ်ရာကြောင့် လက်လွတ်ထားရတယ်။ သူတို့အသင်းက ဂွာဒီယိုလာရဲ့လက်အောက်မှာ အသင်းကြီးတစ်သင်း ဖြစ်လာခဲ့မယ့် နောက်လာမယ့်နှစ်အနည်းငယ်အတွင်းမှာတော့ ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ အောင်မြင်မှုတွေ ရယူနိုင်ဖို့က မလွယ်ကူလောက်ဘူးလို့ပဲ မြင်မိတယ်။ ဂွာဒီယိုလာလို နည်းပြမျိုးဆိုတာကလည်း အသင်းတစ်သင်းတည်းမှာ (၄)(၅)နှစ်ပိုပြီးမနေပါဘူး။ သူက မန်စီးတီးအတွက် လုပ်ဆောင်ပြီးခဲ့ပါပြီ။ သူတို့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေကို ကြည့်လိုက်မယ်ဆိုရင်လည်း အသင်းအတွက် တိုးတတ်မှုတွေကို သယ်ဆောင်လာတဲ့ ကစားသမားမျိုးတွေ ဖြစ်မနေလို့ ပိုက်ဆံဖြုန်းသလိုသာ ဖြစ်နေရပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် စပါးအသင်းနဲ့ပတ်သက်ပြီးတော့ကိုလည်း ဟားမန်းက “ဒီအချိန်မှာ ကျွန်တော်အကြိုက်ဆုံးအသင်းကတော့ စပါးအသင်းပါပဲ။ တနင်းလာနေ့က သူတို့ဘန်လေနဲ့ ကစားသွားခဲ့တဲ့ ပွဲစဉ်အတွင်းမှာဆိုရင် စပါးအသင်းက အတော်လေးကို စုစုစည်းစည်း ကစားနိုင်ခဲ့တယ်။ ဒီပုံစံအတိုင်းသာဆိုရင် မော်ရင်ဟိုကတော့ အောင်ပွဲခံနိုင်ပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။