စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုက ဒီနှစ်ဘောလုံးရာသီအတွင်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဘယ်နောက်ခံကစားသမား ဆာဂျီယိုရယ်ဂီလွန်နဲ့ တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်တို့ကို ခေါ်ယူထားခဲဲ့တဲ့အပြင် နောက်ထပ်ရီးရဲလ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဝါရင့်ခရိုအေးရှား ကွင်းလယ်ကစားသမားကြီး လူကာမိုဒရစ်ကို အသင်းဆီ ခေါ်ဆောင်သွားဖို့ ပစ်မှတ်ထားလျက်ရှိနေကာ ကစားသမားနဲ့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လို့နေပါတယ်။

Photo Credit : Daily Mail

မော်ရင်ဟိုဟာ သူရဲ့အသင်းဟောင်းဖြစ်ခဲ့ဖူးတဲ့ ရီးရဲလ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ရယ်ဂီလွန်နဲ့ ဘေးလ်တို့ကို စပါးအသင်းဆီ ခေါ်ဆောင်ခဲ့ပြီး အခုလည်း ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသက်(၃၅)နှစ်အရွှယ် ခရိုအေးရှားလက်ရွေးစင် ကွင်းလယ်ကစားသမား မိုဒရစ်ကိုပါ အသင်းဆီ ခေါ်ဆောင်နိုင်ဖို့အတွက် ကစားသမားနဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်လျက်ရှိနေတယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ မိုဒရစ်ဟာ ၂၀၁၂ခုနှစ်က စပါးကနေ ရီးရဲလ်မက်ဒရစ်ဆီကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး အသင်းမှာ (၈)နှစ်တာအထိ ပါဝင်ကစားခဲ့ကာ အောင်မြင်မှုများစွာကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ လာလီဂါဖလား(၂)လုံး ချန်ပီယံလိဂ်ဖလား(၄)လုံးအထိကို ပိုင်ဆိုင်နိုင်ခဲ့သလို ဘလွန်းဒီအောဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ပေမယ့် လက်ရှိမှာ မိုဒရစ်ရဲ့အသက်အရွှယ်က (၃၅)နှစ်တောင် ရှိနေသလို ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ လာမယ့်ဇန်နဝါရီလအတွင်းမှာပဲ လာလီဂါပြင်ပကလပ်တွေမှအပ ကျန်တဲ့ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေကို လွတ်လပ်စွာ ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ မိုဒရစ်ကို စပါးအသင်းရဲ့နည်းပြ မော်ရင်ဟိုက အသင်းဆီ ခေါ်ဆောင်ချင်နေပြီး မိုဒရစ်နဲ့ပါ အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးနေတယ်လို့ သတင်းထွက်ပေါ်လို့နေပါတယ်။ မော်ရင်ဟိုဟာ ရီးရဲလ်အသင်းကို ကိုင်တွယ်ချိန်မှာ မိုဒရစ်ကို အသင်းဆီ ခေါ်ဆောင်ပေးခဲ့တာဖြစ်ပြီး အခုလည်း သူရဲ့စပါးအသင်းဆီကို ထပ်မံခေါ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒါပေမယ့် မိုဒရစ်ကတော့ ရီးရဲလ်အသင်းမှာပဲ ဆက်လက်ရှိနေသွားဖို့သာ စိတ်အားထက်သန်လျက်ရှိနေပြီး အသင်းကနေ ထွက်ခွာသွားဖို့ထက် အသင်းမှာသာ ကစားသမားဘဝကို အဆုံးသတ်အချိန်ထိ ဆက်လက်ရှိနေချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့တာကြောင့် မော်ရင်ဟိုရဲ့ကြိုးပမ်းမှုက အောင်မြင်ဖို့ ရာခိုင်နှုန်းနည်းနေတယ်လို့ သတ်မှတ်နိုင်ပါတယ်။