စီးရီးအေ နာမည်ကျော်ကလပ် ရိုးမားအသင်းကို ကိုင်တွယ်နေတဲ့ စပယ်ရှယ်ဝမ်းနည်းပြကြီး ဂျိုဆေးမော်ရင်ဟိုကို လတ်တလောမှာ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဘက်ကနေ ပေါ်တူဂီနည်းပြရာထူးအတွက် အလိုရှိနေပေမယ့် မော်ရင်ဟိုဘက်ကတော့ ပေါ်တူဂီကို ကိုင်တွယ်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ပေါ်တူဂီသတင်းစာ A Bola ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

နည်းပြဘဝအတွင်း ထိပ်တန်း ကလပ်အသင်းတွေများစွာနဲ့ အောင်မြင်မှုများစွာ ရယူထားနိုင်ခဲ့တဲ့ နည်းပြမော်ရင်ဟိုကို ပေါ်တူဂီလက်ရွေးစင်အသင်းအပြင် ဘရာဇီးလ်လက်ရွေးစင်အသင်းတို့ကနေ နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ အသီးသီး စိတ်ဝင်စားနေကြပြီး ပေါ်တူဂီအသင်းဆိုရင်လည်း အသင်းကနေ နုတ်ထွက်သွားပြီဖြစ်တဲ့ နည်းပြကြီး ဖာနန်ဒိုဆန်းတို့စ်နေရာမှာ မော်ရင်ဟိုနဲ့ အစားထိုးသွားဖို့ ဆန္ဒရှိနေပါတယ်။ မော်ရင်ဟိုဟာလည်း ပေါ်တူဂီလူမျိုးတစ်ဦး ဖြစ်တာကြောင့် ပေါ်တူဂီနည်းပြရာထူးကို လက်ခံသွားနိုင်ဖွယ် ရှိနေတယ်ဆိုပြီး သတင်းထွက်လာခဲ့ပေမယ့် A Bola သတင်းစာရဲ့ ဖော်ပြချက်မှာတော့ မော်ရင်ဟိုက ပေါ်တူဂီနည်းပြရာထူးအတွက် ပယ်ချခဲ့တယ်လို့ ဖော်ပြလာပါတယ်။

Photo Credit : Football365

ဘင်ဖီကာ ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးယဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက် တော့တင်ဟမ်ဟော့စပါးတို့ကို ကိုင်တွယ်ခဲ့ပြီး လက်ရှိမှာ ရိုးမားအသင်းကို တာဝန်ယူနေတဲ့ နည်းပြမော်ရင်ဟိုဟာ အီတလီမြေကို တစ်ကျော့ပြန် ရောက်ရှိပြီးနောက်မှာ UEFA ကနေ ပြိုင်ပွဲအသစ်အဖြစ် ကျင်းပခဲ့တဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ်မှာ ရိုးမားအသင်းကို ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကာ UEFA ရဲ့ ချန်ပီယံလိဂ် ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်စ်လိဂ် ပြိုင်ပွဲအားလုံးမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ ပထမဆုံးသော နည်းပြတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။ နည်းပြဘဝအတွင်း အမှတ်ပေးဖလားတွေများစွာ ရှုံးထွက်ဖလားတွေများစွာ ပိုင်ဆိုင်နိုင်ခဲ့တဲ့ မော်ရင်ဟိုလို ထိပ်သီးနည်းပြကြီးတစ်ဦးကို ပေါ်တူဂီနဲ့ ဘရာဇီးလ်အသင်းတွေက သူတို့အသင်းတွေမှာ ကိုင်တွယ်စေချင်ပေမယ့် မော်ရင်ဟိုက ရိုးမားအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို လက်ရှိ ဘောလုံးရာသီမှာလည်း ရိုးမားအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်အထိ ရရှိအောင် လုပ်ဆောင်ပေးချင်နေပြီး ကလပ်အသင်းအတွက်ကိုသာ အာရုံစိုက်နေတာကြောင့် လက်ရွေးစင်အသင်းတွေရဲ့ ကမ်းလှမ်းချက်တွေအပေါ် စိတ်မဝင်စားနိုင်သေးရတာပဲ ဖြစ်ပါတယ်။