စပါးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၆)ပွဲအတွင်းမှာ ဝက်စ်ဘရွန်းအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုသာ အနိုင်ရခဲ့ပြီး ကျန်တဲ့ပွဲစဉ်တွေအားလုံးမှာ အရေးနိမ့်ခဲ့ရသလို အဲဗာတန်အသင်းနဲ့ ကစားခဲ့ရတဲ့ အက်အေဖလားပွဲမှာပါ ရှုံးနိမ့်ခဲ့ရတဲ့အတွက် ပြိုင်ပွဲတစ်ခုကနေ ထပ်မံထွက်ခွာလိုက်ရပြီဖြစ်ပါတယ်။ လက်ရှိမှာ အသင်းက အမှတ်ပေးဇယားရဲ့ အဆင့်(၉)နေရာထိကိုတောင် ရောက်ရှိနေရတဲ့အတွက် အသင်းရဲ့နည်းပြဟိုဆေးမော်ရင်ဟိုရဲ့ အနာဂတ်ကလည်း အတော်လေးကို မှေးမှိန်လာခဲ့ရပါတယ်။

Photo Credit : Daily Mail

နာမည်ကျော် ပေါ်တူဂီနည်းပြကြီး မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် နိုဝင်ဘာလကမှ စပါးအသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး အသင်းနဲ့လည်း (၄)နှစ်စာချုပ်ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟို သူရဲ့စပါးနည်းပြဘဝ ပထမဆုံးရာသီမှာ အသင်းကို ရာသီအစကနေ ကိုင်တွယ်ခဲ့ရတာမဟုတ်လို့ ရာသီအကုန်မှာ အဆင့်(၆)နေရာရောက်အောင်ပဲ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအစပိုင်းမှာတော့ မော်ရင်ဟိုဟာ စပါးကို အမှတ်ပေးချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ့်အသင်းတစ်သင်းအဖြစ်နဲ့ပါ တည်ဆောက်နိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ အသင်းရဲ့ရလဒ်တွေက တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့ပြီး သူရဲ့အနာဂတ်ပါ မရေမရာ ဖြစ်လာခဲ့ပါတယ်။

Photo Credit : Daily Mail

စပါးအသင်းအနေနဲ့ မော်ရင်ဟိုကို အသင်းကနေ အလျင်အမြန် ထုတ်ပယ်သွားချင်မှာ မဟုတ်ပေမယ့်လည်း ရလဒ်ဆိုးတွေက ဆက်တိုက်ဖြစ်နေမယ်ဆိုရင်တော့ အသင်းတာဝန်ရှိသူတွေဘက်ကနေ နည်းပြအပြောင်းအလဲ လုပ်ဖို့ကို ဆုံးဖြတ်လာနိုင်ပြီး လတ်တလောမှာတော့ လက်စတာစီးတီးအသင်းရဲ့နည်းပြ ဘရန်ဒန်ရော်ဂျာနဲ့ လိုက်ပ်ဇစ်အသင်းရဲ့ နည်းပြဂျူလီယန်နာဂယ်စ်မန်းတို့ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ စပါးအသင်းဟာ နည်းပြဟောင်း မာရီစီယိုပိုချက်တီနိုကို အသင်းကနေ ထုတ်ပယ်ခဲ့တုန်းကလည်း လျော်ကြေးတွေပေးချေခဲ့ရပြီး အခု မော်ရင်ဟိုကိုလည်း ထုတ်ပယ်မယ်ဆိုရင် စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့အတွက် လျော်ကြေးများစွာကို သေချာပေါက် ပေးချေရမှာဖြစ်လို့ ဒီကိစ္စတွေကို စပါးအသင်းဥက္ကဌ လီဗိုင်းဘက်က စဉ်းစားရဖွယ် ရှိနိုင်ပါတယ်။ မော်ရင်ဟိုအနေနဲ့ကတော့ အသင်းမှာ ဆက်လက်ရှိနေဖို့အတွက် ရလဒ်ကောင်းတွေ ပြန်လည်ရယူပေးဖို့ရော လာမယ့်ဧပြီလမှာ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်သွားရမယ့် ခါရာဘောင်းဖလား ဖိုင်နယ်ပွဲအတွင်း ခါရာဘောင်းလိဂ်ဖလားကို အသင်းအတွက် အရယူပေးနိုင်ဖို့ပါ လိုအပ်မှာဖြစ်ပါတယ်။