ရိုးမားအသင်းနည်းပြ ဂျိုဆေးမော်ရင်ဟိုက ပေါ်တူဂီ လက်ရွေးစင်အသင်းအနေနဲ့ ဘယ်လ်ဂျီယံနည်းပြဟောင်း ရောဘတ်တိုမာတီနက်ဇ်ကို နည်းပြသစ်အဖြစ် မခန့်အပ်ခင်ကို သူ့ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပြီး သူက ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့သလို ပေါ်တူဂီအသင်းကလည်း အသင်းနည်းပြ ရာထူးအတွက် သူ့ကိုသာ ဦးစားပေးအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

José Mourinho for Zegna 232 Campaign

Photo Credit : Zegna

ပေါ်တူဂီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့့ ကွာတားဖိုင်နယ်အဆင့်မှာ မော်ရိုကိုအသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် အသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်နဲ့ ပေါ်တူဂီအသင်းတို့ လက်တွဲဖြုတ်ခဲ့တဲ့အတွက် လစ်လပ်သွားတဲ့ အသင်းနည်းပြနေရာမှာ အစားထိုးနိုင်ဖို့ နည်းပြများစွာကို ချိန်ရွယ်ခဲ့ရာ ပေါ်တူဂီလူမျိုး စပယ်ရှယ်ဝမ်းနည်းပြ မော်ရင်ဟိုလည်း ပါဝင်လာခဲ့ပါတယ်။ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်ဘက်က မော်ရင်ဟိုကို ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့ပေမဲ့ မော်ရင်ဟိုကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ကြောင်း ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Marca

ပေါ်တူဂီနည်းပြရာထူးနဲ့ ပတ်သတ်ပြီး မော်ရင်ဟိုက “ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌက ကျွန်တော်ဟာ သူရဲ့ ပထမဆုံး ရွေးချယ်မှု မဟုတ်ပေ့မဲ့လည်း သူရဲ့ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်တယ်လို့ ပြောခဲ့တာကို ကျွန်တော် ဂုဏ်ယူမိတယ်။ ဒါပေမယ့် ကျွန်တော် အဲ့ဒီကို မသွားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော် ရောမမှာပဲ ရှိနေတယ်။ ဒါကပဲ အရေးကြီးပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ နာမည်ကျော် ဘောလုံးနည်းပြတစ်ဦးဖြစ်သူ မော်ရင်ဟိုဟာ ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးယဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက်အသင်းတွေမှာ ဆုဖလားအောင်မြင်မှုတွေကို ရယူနိုင်ခဲ့သူဖြစ်ပြီး စပါးအသင်းမှာလည်း လိဂ်ဖလားဖိုင်နယ်အထိ ရောက်ရှိအောင် စွမ်းဆောင်ခဲ့သလို ရိုးမားအသင်းကိုလည်း ကွန်းဖရန့်စ်လိဂ်မှာ ပထမဆုံးသော ချန်ပီယံဖြစ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပေါ်တူဂီအသင်းက သူ့ကို အသင်းနည်းပြ ရာထူးအတွက် အလိုရှိခဲ့တာဖြစ်ပြီး မော်ရင်ဟိုကိုယ်တိုင်ကတော့ ရိုးမားနည်းပြအဖြစ်နဲ့ ဆက်လက် ရှိနေချင်တာကြောင့် ပေါ်တူဂီနည်းပြရာထူးကို ငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပေါ်တူဂီဘက်က ဘယ်လ်ဂျီယံနည်းပြဟောင်း ရောဘတ်တိုမာတီနက်ဇ်ကို အသင်းနည်းပြအဖြစ် ခန့်အပ်သွားခဲ့ပြီး ဘယ်လ်ဂျီယံမှာတောင် ဘာအောင်မြင်မှုမှ မဖော်ဆောင်နိုင်ခဲ့တဲ့ မာတီနက်ဇ်ကို ခန့်အပ်ခဲ့တဲ့အပေါ် ပေါ်တူဂီ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။