လာမယ့်ဘောလုံးရာသီမှာ စီးရီးအေကလပ် ရိုးမားအသင်းကို စတင်ကိုင်တွယ်ရတော့မယ့် နာမည်ကျော်ဘောလုံးနည်းပြ ဟိုဆေးမော်ရင်ဟိုက သူနဲ့ ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတွေမှာ လက်တွဲဖူးခဲ့တဲ့ တိုက်စစ်ကစားသမား လူကာကူအနေနဲ့ အဲ့ဒီအသင်းတွေမှာ ထင်သလောက် မအောင်မြင်ခဲ့ပဲ လက်ရှိသူရဲ့အသင်း အင်တာမီလန်မှာ ပိုအောင်မြင်နေရတဲ့ အဓိက အကြောင်းအရင်းတွေကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : 90Min

စပယ်ရှယ်ဝမ်းနည်းပြကြီး မော်ရင်ဟိုဟာ သူနဲ့ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်မှူးလူကာကူနဲ့က ချယ်လ်ဆီးမှာရော ယူနိုက်တက်အသင်းပါ (၂)ကြိမ်တိုင်တိုင် ပူးပေါင်းခဲ့ရပေမယ့် လူကာကူအနေနဲ့ ဒီအသင်းတွေမှာထက် သူရဲ့လက်ရှိကလပ် အင်တာမီလန်အသင်းမှာသာ ပိုပြီးခြေစွမ်းပြနိုင်တာဟာ ကစားသမားတစ်ယောက်ရဲ့ အကောင်းဆုံးအချိန်ကို ရောက်ရှိနေတာကြောင့်ဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ မော်ရင်ဟိုက “လူကာကူအနေနဲ့ ဒီအချိန်မှာ ငါဒီနေရာမှာရှိနေတဲ့ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက်ပဲလို့ ကြွေးကြော်လိုက်ဖို့အတွက် အကောင်းဆုံးအခိုက်အတန့် ဖြစ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်”

Photo Credit : The Mirror

“အင်တာမီလန်အသင်းနဲ့ သူဖြတ်သန်းခဲ့တဲ့ (၂)နှစ်တာကာလအတွင်းမှာ သူဘယ်တုန်းကမှ မရရှိခဲ့ဖူးတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ထင်ပေါ်မှုတွေကို ပိုင်ဆိုင်လာခဲ့ရတယ်။ ချယ်လ်ဆီးမှာတုန်းကတော့ သူက အတော်လေးကို ငယ်ရွှယ်နေသေးတယ်။ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာစဉ်တုန်းကလည်း သူဟာ သင်ယူနေဆဲပဲ ရှိသေးတယ်။ အင်တာမီလန်ကို သူရောက်သွားချိန်မှာတော့ သူဟာ ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်နေပါပြီ။ သူက အဲ့ဒီမှာ ပရိသတ်တွေ အသင်းဖော်တွေရဲ့ အချစ်တော်ကစားသမားတစ်ဦး ဖြစ်လာခဲ့ရတယ်။ အသင်းနည်းပြနဲ့ကြားမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ပိုင်ဆိုင်လာခဲ့တယ်။ သူက ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းလှတဲ့ ကစားသမားကြီးတစ်ယောက်ပါ။ ဒါပေမယ့် အတွင်းစိတ်ထဲမှာကတော့ ကလေးတစ်ယောက်လိုမျိုး ချစ်ခြင်းတွေခံရဖို့ အားပေးမှုတွေရဖို့ ဂရုစိုက်ခံရဖို့ လိုအပ်နေတဲ့သူလည်း ဖြစ်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အခုတော့ မော်ရင်ဟိုဟာ သူကျင်လည်ခဲ့ဖူးတဲ့ အီတလီစီးရီးအေပြိုင်ပွဲဆီကို တကျော့ပြန် ရောက်ရှိလာပြီဖြစ်တာကြောင့် သူရဲ့တပည့်ဟောင်း လူကာကူနဲ့ ပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။