မနေ့ညက ကျင်းပသွားခဲ့တဲ့ စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ လန်ဒန်ဒါဘီ ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်အတွင်း စပါးနည်းပြ ဂျိုဆေးမော်ရင်ဟိုနဲ့ ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်တို့နှစ်ယောက် အနည်းငယ် အချေအတင်ဖြစ်နေခဲ့တာကို ရုပ်သံတွေကနေ မှတ်တမ်းတင်နိုင်ခဲ့ပေမယ့် မော်ရင်ဟိုကတော့ သူရဲ့တပည့်ဖြစ်ခဲ့ဖူးတဲ့ လမ်းပတ်နဲ့ ရန်ဖြစ်သလိုမျိုး စကားများတာမဟုတ်ပဲ အကြံပေးမှုသာ ပြောဆိုခဲ့တာဖြစ်သလို သူတို့ကြားမှာ ဘာပြသနာမှမရှိခဲ့ဘူးလို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Mirror

မော်ရင်ဟိုနဲ့လမ်းပတ်တို့ဟာ ချယ်လ်ဆီးအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဆရာတပည့်ရင်းနှစ်ယောက်တွေဖြစ်ပြီး လမ်းပတ်က ကစားသမားဘဝကို အနားယူပြီးနောက် နည်းပြလောကထဲကို ဝင်ရောက်လာချိန်မှာ သူရဲ့ဆရာကို ပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်လာရတာဖြစ်ပါတယ်။ ဒီဆရာတပည့်နှစ်ယောက်က မနေ့ညက လန်ဒန်ဒါဘီပွဲစဉ်မှာလည်း ပြိုင်ဘက်တွေအဖြစ် ထပ်မံတွေ့ဆုံခဲ့ရကာ နှစ်ယောက်သားက စကားအချေအတင်လည်း ဖြစ်ခဲ့ရသေးတာကို ရုပ်သံတွေကနေ မြင်တွေ့ခဲ့ရပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စပါးနည်းပြမော်ရင်ဟိုက “ဖရန့်အပေါ် ကျွန်တော်ထားရှိတဲ့ စိတ်ခံစားချက်တွေက ဒီညမှာ ကျွန်တော်တို့ အပြန်အလှန် ပြောဆိုခဲ့ကြတာတွေထက်ကို ပိုအရေးကြီပါတယ်”

Photo Credit : Mirror

“သူ ကစားသမားဘဝတုန်းက ကျွန်တော့်အတွက် အရာအားလုံးကို ပေးဆပ်ခဲ့တာတွေကို ကျွန်တော်မမေ့နိုင်ပါဘူး။ ကျွန်တော်သူ့ကို ကစားသမားတစ်ယောက်လို မိတ်ဆွေသူငယ်ချင်းတစ်ယောက်လို ပရော်ဖက်ရှင်နယ်ပီသသူတစ်ယောက်လို အမြဲချစ်ခင်နေမှာပါ။ ဒီပွဲမှာ သူ့ကိုပြောဆိုခဲ့တယ်ဆိုတာက စီနီယာနည်းပြတစ်ယောက်က အရည်အသွေးရှိတဲ့ ဂျူနီယာနည်းပြတစ်ယောက်အတွက် သူရဲ့အမြင်ကို ပြောပြရုံပါ။ ကျွန်တော်တို့တွေရဲ့ ကစားသမားတွေက ရှံးနိမ့်နေရချိန်မှာဆို ကျွန်တော်တို့ကို သူတို့လိုအပ်လိမ့်မယ်လေ။ လမ်းပတ်က ပြီးခဲ့တဲ့ပွဲစဉ်အတွင်း သူတို့အသင်း (၃)ဂိုးပြတ်နဲ့ အရေးနိမ့်ချိန်မှာ သူအရမ်းစိတ်ပျက်နေလို့ နည်းပြထိုင်ခုံပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီးတော့ ပွဲကိုဆက်ကြည့်နေခဲ့တယ်။ ဘောလုံးနယ်ပယ်နဲ့ပတ်သက်ပြီး ကျွန်တော်သူ့ကို သင်ပြလို့တော့ မရနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်ရဲ့ထင်မြင်ချက်အရဆိုရင်တော့ အသင်းက ရှံးနိမ့်နေတဲ့ အချိန်မျိုးမှာ ဒီလိုထိုင်မနေသင့်ပဲ ကွင်းဘေးမှာပဲ ဆက်လက်ညွန်းကြားနေသင့်တယ်။ အသင်းက အနိုင်ရနေချိန်ဆိုရင်တော့ စိတ်ကိုငြိမ်ငြိမ်လေး ထားသင့်တယ်ပေါ့” လို့ ရှင်းလင်းပြောဆိုခဲ့သလို လမ်းပတ်ကလည်း သူနဲ့မော်ရင်ဟိုတို့ဟာ အချေအတင်ဖြစ်တာမဟုတ်ပဲ ခဏတာစကားပြောကြရုံလေးသာဖြစ်ပြီး ရယ်ချင်စရာ အခိုက်အတန့်သာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါသေးတယ်။