နာမည်ကျော်ဘောလုံးနည်းပြ ဟိုဆေးမော်ရင်ဟိုဆိုတာ သူနည်းပြခဲ့တဲ့ ကလပ်အသင်းတိုင်းမှာ သူရဲ့စိတ်နဲ့ အခန့်မသင့်ဖြစ်တတ်တဲ့ ကစားသမားတွေကို အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ဖို့ ဝန်မလေးလှသူဖြစ်ပြီး အခုလည်း သူရဲ့စပါးအသင်းနဲ့ သူနဲ့သိပ်အဆင်မပြေဖြစ်လှတဲ့ ကွင်းလယ်ကစားသမား ဒယ်လီအလီကို အသင်းမှာ ပါဝင်ခွင့်မပေးတော့တာ တစ်လနီးပါးလောက်အထိကို ကြာမြင့်လှခဲ့ပြီဖြစ်ပြီး မနေ့ညက ကစားသွားခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှသာ ပွဲထွက်ကစားသမားအဖြစ် ပြန်လည်သုံးစွဲလာခဲ့တာဖြစ်ကာ အလီကလည်း ဒီပွဲစဉ်အတွင်းမှာ ခြေစွမ်းပြသနိုင်ခဲ့သလို ဂိုးဖန်တီးမှုတစ်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား အလီဟာ အောက်တိုဘာလ(၂၉)ရက်နေ့က ရွိုင်ရယ်အန့်ဝပ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွင်း ပထမပိုင်း ပွဲကစားချိန်ကို ပါဝင်ကစားခဲ့ပြီးနောက် ဒုတိယပိုင်းအစမှာ လူစားလဲခံခဲ့ရပြီးနောက်ပိုင်း အသင်းအတွက် ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ အလီဟာ လာမယ့်ဆောင်းရာသီစျေးကွက်မှာပဲ စပါးအသင်းကနေ ထွက်ခွာသွားလိမ့်မယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပေမယ့်လည်း မော်ရင်ဟိုကတော့ အလီကို လူဒိုဂိုရတ်စ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲမှာ ပြန်လည်သုံးစွဲလာခဲ့ပြီး အလီကလည်း သူရဲ့တန်ဖိုးအစစ်အမှန်ကို ပြသသွားနိုင်ခဲ့ပါတယ်။

အလီဟာ ဒီပွဲစဉ်မှာ မိနစ်(၈၀)ကျော်အထိ ပါဝင်ခဲ့ရသလို စပါးအသင်းရဲ့ ဒုတိယဂိုးကလည်း သူရဲ့တစ်ကိုယ်ကောင်းမဆန်စွာ ကစားခဲ့မှုကနေ ရရှိခဲ့တာဖြစ်ပြီး အသင်းရဲ့တိုက်စစ်မှူးအဖြစ် ပါဝင်ကစားခဲ့တဲ့ ကားလို့စ်ဗင်နီစီယပ်စ်ကိုသာ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ အလီရဲ့စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး စပါးနည်းပြမော်ရင်ဟိုက “ဒယ်လီက ဂိုးသွင်းဖို့ ကြိုးစားခဲ့ရင်းနဲ့ ဗင်နီစီယပ်စ်ကိုပဲ သူဖန်တီးပေးလိုက်တော့ ဗင်နီစီယပ်စ်ကလည်း ဒါကိုအလွယ်တကူ အဆုံးသတ်နိုင်ခဲ့တာပါ။ ဘာမှ သိပ်မခက်ခဲပဲနဲ့ အသင်းက (၂)ဂိုး ဂိုးမရှိနဲ့ ဦးဆောင်စေနိုင်ခဲ့တယ်။ အသင်းရဲ့ကစားသမားဆိုတာ ဒီတိုင်းပဲ လုပ်ဆောင်တတ်တာပါ။ သူ ဒီလိုလုပ်ဆောင်နိုင်ခဲ့တဲ့အပေါ် ကျွန်တော်မအံ့သြမိပါဘူး။ ဒယ်လီက အသင်းလိုပါပဲ။ ပထမပိုင်းမှာ အရမ်းကို ကစားပုံကောင်းမွန်ခဲ့တယ်။ ဒုတိယပိုင်း မိနစ်(၂၀) (၂၅)မိနစ်လောက်အတွင်းမှာတော့ သူတို့တွေက ကျွန်တော်တို့ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ပိတ်ဆို့ပြီး နောက်ထပ်ဂိုးတွေ ထပ်မံခွင့်မပြုရအောင် ကစားသွားခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ ကစားပုံက အနည်းငယ်ငြိမ်သွားခဲ့တယ်။ သူတို့ရဲ့ တိုက်စစ်တွေက ဂိုးရလောက်နိုင်တဲ့အထိ ခြိမ်းခြောက်လာနိုင်လိမ့်မယ်လို့ မခံစားမိခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့ခံစစ်ကို အနည်းငယ်ဖွင့်ချပေးလိုက်တာ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။