ရိုးမားအသင်းရဲ့ နည်းပြဖြစ်သူ ဂျိုဆေးမော်ရင်ဟိုကတော့ လာမယ့် တနင်္ဂနွေနေ့ ဆာဆူအိုလိုအသင်းနဲ့ ရင်ဆိုင်ရမယ့် အီတလီစီးရီးအေ ပွဲစဉ်ဟာ သူ့အတွက်တော့ အတော်လေးကို အမှတ်တရ ဖြစ်စေနိုင်မယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီပွဲစဉ်ဟာ မော်ရင်အတွက် နည်းပြဘဝမှာ သူကိုင်တွယ်ခဲ့တဲ့ ပွဲအရေအတွက်ပေါင်း (၁၀၀၀)အထိ ပြည့်မြောက်တော့မယ့် အမှတ်တရ ပွဲစဉ်ဖြစ်နေသလို ဒီပွဲကိုလည်း ရိုးမားအသင်းရဲ့ အိမ်ကွင်းမှာ ကျင်းပမှာဖြစ်လို့ မော်ရင်ဟိုရဲ့ စီးရီးအေပြိုင်ပွဲအတွင်း အိမ်ကွင်းရှုံးပွံမရှိသေးတဲ့ စံချိန်ကောင်းကိုပါ ဆက်လက်ထိန်းသိမ်းရနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Hurriyet Daily News

ပေါ်တူဂီလူမျိုး စပယ်ရှယ်ဝမ်းနည်းပြကြီးဖြစ်တဲ့ မော်ရင်ဟိုဟာ ၂ဝဝဝခုနှစ်မှာပဲ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး သူရဲ့နည်းပြဘဝကို အစပြုခဲ့သလို နည်းပြဘဝအတွင်း (၂၁)နှစ်အကြာ ကျင်လည်ခဲ့ပြီးနောက် အခုလို ပွဲပေါင်း(၁၀၀၀)အထိ ပြည့်မြောက်လာခဲ့ရတာ ဖြစ်ပါတယ်။ မော်ရင်ဟို ဘင်ဖီကာ ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးယဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက်နဲ့ စပါးတို့လို ဥရောပထိပ်တန်း ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး လက်ရှိမှာလည်း နာမည်ကျော် အီတလီကလပ် ရိုးမားအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူဆောင်ရွှက်နေတဲ့ မော်ရင်ဟိုဟာ သူရဲ့နည်းပြသက်တမ်းတလျှောက် အောင်မြင်မှုများစွာကိုလည်း ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Mangum Star News

နည်းပြမော်ရင်ဟိုဟာ ဒီရာသီမှာ မနှစ်က ဘောလုံးရာသီနှောင်းပိုင်းမှာပဲ စပါးအသင်းကနေ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပေမယ့် သူ့ကို စီးရီးအေကလပ် ရိုးမားအသင်းက အသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်သွားခဲ့ပြီး လက်ရှိမှာလည်း ရိုးမားကို စီးရီးအေ(၂)ပွဲဆက်တိုက် နိုင်ပွဲတွေရအောင် အကောင်းဆုံး စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ အခု သူရဲ့နည်းပြဘဝ တစ်ထောင်ပြည့်မြောက်မယ့် ပွဲစဉ်အတွင်းမှာ ဆာဆူအိုလိုအသင်းကို အနိုင်ရခဲ့မယ်ဆိုရင် သူရဲ့ စီးရီးအေ အိမ်ကွင်းရှုံးပွဲမရှိ စံချိန်မှတ်တမ်းကိုပါ ထပ်မံတိုးမြှင့်နိုင်မှာလည်း ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်အသင်းကို (၂)ရာသီကြာ ကိုင်တွယ်ခဲ့ပြီးနောက်မှာ အိမ်ကွင်း(၃၈)ပွဲအထိ ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို အခု ရိုးမားအသင်းနဲ့လည်း အိမ်ကွင်းနိုင်ပွဲ တစ်ပွဲထပ်ရထားသေးတာကြောင့် (၃၉)ပွဲအထိ ရှုံးပွဲမရှိသေးပဲ ဆာဆူအိုလိုအသင်းကိုပါ ထပ်မံအနိုင်ယူလိုက်မယ်ဆိုရင် သူရဲ့စီးရီးအေအိမ်ကွင်း ရှုံးပွဲမရှိ စံချိန်က ပွဲပေါင်း(၄၀)ထိ ရှိလာခဲ့မှာဖြစ်ပြီး ဂျုဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီ ရယူထားခဲ့ဖူးတဲ့ အိမ်ကွင်း(၄၁)ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကိုပါ အမီလိုက်နိုင် ဒါမှမဟုတ် ကျော်ဖြတ်နိုင်ဖွယ် ရှိနေပါတယ်။