MySport Myanmar

ဂျော်ဂျင်ဟိုက စီးရီးအေကို ပြန်သွားဖို့ စိတ်ကူးရှိနေတယ်လို့ အေးဂျင့်ဖြစ်သူ ထုတ်ဖော်ပြောဆို

ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ချယ်လ်ဆီးအသင်းမှာ ပျော်ရွှင်နေပေမယ့် သူရဲ့မွေးရပ်မြေဖြစ်တဲ့ အီတလီနိုင်ငံကို ပြန်သွားချင်ပြီး အီတလီစီးရီးအေပြိုင်ပွဲမှာ ပြန်ကစားချင်ဖို့ စိတ်ကူးရှိနေတယ်လို့ ဂျော်ဂျင်ဟိုရဲ့အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောဆိုသွားခဲ့တဲ့အပြင် သူ့ကစားသမား ပြောင်းရွှေ့နိုင်ဖွယ်ရှိတဲ့ အသင်း(၅)သင်းကိုပါ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၃၀)အရွှယ် ရှိပြီဖြစ်တဲ့ အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ ၂၀၁၈ခုနှစ်ကမှ စီးရီးအေကလပ် နာပိုလီအသင်းကနေ ချယ်လ်ဆီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း(၁၇၉)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ ချန်ပီယံလိဂ် ယူရိုပါလိဂ် ဥရောပစူပါဖလား ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးခဲ့သလို အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်လို့နေပါတယ်။ ဒါပေမယ့် ဂျော်ဂျင်ဟိုနဲ့ ချယ်လ်ဆီးအသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၂၀၂၃ခုနှစ် ဇွန်လမှာပဲ ကုန်ဆုံးတော့မှာဖြစ်သလို ချယ်လ်ဆီးအသင်း လတ်တလော ရင်ဆိုင်နေရတဲ့ ပြသာနာတွေကြောင့် အသင်းရဲ့ ကစားသမားတွေကို သက်တမ်းတိုးဖို့ ခက်ခဲလာနိုင်တဲ့အတွက် ဂျော်ဂျင်ဟိုအနေနဲ့ သူ့အနာဂတ်အပေါ် စဉ်းစားလာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

ဒီလို အခြေအနေမှာ ဂျော်ဂျင်ဟိုရဲ့အေးဂျင့်ဖြစ်သူက “စီးရီးအေပြိုင်ပွဲမှာ ကစားရတာက သူ့အတွက် အိမ်မက်တစ်ခု ဖြစ်နေခဲ့သလို သူ့နှလုံးသားကလည်း အဲ့ဒီမှာ ရှိနေတယ်။ အခုလို အခြေအနေတိုင်းပဲဆိုရင် သူက အေစီမီလန် အင်တာမီလန် ဂျုဗင်တပ်စ် ရိုးမား နာပိုလီတို့လို ကလပ်အသင်းတွေမှာ ပါဝင်ကစားနိုင်ပါတယ်။ သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေလည်း အများကြီး ရှိနေတယ်။ အရင်တုန်းကတော့ ပီအက်စ်ဂျီ ဘာစီလိုနာအသင်းတွေနဲ့ စကားပြောခဲ့ပါသေးတယ်။ သူ့ကို မီလန်အသင်းဘက်က စိတ်ဝင်စားနေသလားဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် အခုလောလောဆယ်မှာ ချယ်လ်ဆီးအသင်းကို ကစားသမား ရောင်းချခွင့် ဝယ်ယူခွင့် သက်တမ်းတိုးခွင့်တွေ ခွင့်မပြုပေးထားတဲ့အတွက် ကျွန်တော်တို့ ဘာမှ လုပ်လို့မရပါဘူး။ ဂျော်ဂျင်ဟိုဟာ ၂၀၂၃ခုနှစ် ဇွန်လထိကို စာချုပ်သက်တမ်း ရှိနေပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ သက်တမ်းတိုးဖို့ လုပ်ဆောင်တာကို တွေ့ရမလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရပါလိမ့်မယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version