ယူရို-၂၀၂ဝပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းနဲ့အတူ ယူရိုချန်ပီယံဆုကို အရယူဆောင်နိုင်ခဲ့ပြီး ခြေစွမ်းတွေလည်း ပြသနိုင်ခဲ့သလို ကလပ်အသင်း ချယ်လ်ဆီးနဲ့လည်း ဥရောပချန်ပီယံလိဂ် ဆုဖလားကြီးကိုပါ ရယူနိုင်ခဲ့တဲ့ နာမည်ကျော် ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို လက်ရှိမှာ ဂျုဗင်တပ်စ်အသင်း အပါအဝင် ဥရောပထိပ်တန်း ကလပ်အသင်းများစွာကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Atheltic

အသက်(၂၉)နှစ်အရွှယ်ရှိ အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ ဒီနှစ်အတွင်းမှာပဲ ကလပ်အသင်းမှာရော နိုင်ငံလက်ရွေးစင်အသင်းမှာပါ အောင်မြင်မှုတွေ များစွာရယူနိုင်ခဲ့သလို သက်ဆိုင်ရာအသင်းတွေအတွက်လည်း ခြေစွမ်းပြသထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ ဂျော်ဂျင်ဟိုကို လက်ရှိမှာ စီးရီးအေထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းကနေ အလိုရှိနေသလို ဥရောပထိပ်သီး ကလပ်အသင်းတွေကနေလည်း ဂျော်ဂျင်ဟိုကို ခေါ်ယူချင်နေတယ်လို့ ကစားသမားရဲ့ အေးဂျင့် ဂျာအိုဆန်းတို့စ်က ပြောဆိုလာခဲ့ပါတယ်။

Photo Credit : We Ain’t Got Not Histroy

ဂျော်ဂျင်ဟိုနဲ့ပတ်သက်ပြီး ဆန်းတို့စ်က “ကစားသမားအပေါ် စိတ်ဝင်စားမှုတွေ များစွာရှိနေကြတယ်ဆိုတာကို ကျွန်တော်အတည်ပြု ပြောဆိုနိုင်ပါတယ်။ ဒါဟာ မှန်ကန်ပါတယ်။ အသက်(၂၉)နှစ်အရွှယ်နဲ့ သူဟာ ဥရောပထိပ်တန်းကလပ်တွေအားလုံးမှာ အကောင်းဆုံးတွေကို လုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားတာဖြစ်လို့ သူက ကလပ်အသင်းများစွာကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ” လို့ အီတလီအခြေစိုက် Calciomercato နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။ ဂျော်ဂျင်ဟိုအပေါ် အခုလို စိတ်ဝင်စားမှုတွေ များစွာရှိနေတယ်ဆိုပေမယ့်လည်း ဂျော်ဂျင်ဟိုအနေနဲ့ ချယ်လ်ဆီးအသင်းနဲ့ (၂)နှစ်သက်တမ်း ကျန်ရှိနေသေးသလို အသင်းဘက်ကလည်း ဂျော်ဂျင်ဟိုနဲ့ လက်တွဲဖြုတ်သွားဖို့ အစီအစဉ် မရှိတဲ့အတွက် ကစားသမားက ချယ်လ်ဆီးမှာပဲ ဆက်လက်ရှိနေဖို့ များတယ်လို့ အေးဂျင့်ဆန်းတို့စ်က ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ ၂၀၁၈ခုနှစ်ကမှ နာပိုလီကနေ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆုဖလားတွေ ရယူနိုင်ခဲ့ပါတယ်။