MySport Myanmar

ဂိုးမြူးနေတဲ့ ဟာလန်းကို ကြောက်လန့်နေမှာ မဟုတ်ဘူးလို့ ဂျော်ဂျင်ဟို ဆို

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက လက်ရှိ ပရီးမီးယားလိဂ်မှာ ဂိုးအလွန်မြူးနေတဲ့ မန်ချက်စတာ စီးတီး တိုက်စစ်ကစားသမား အာလင်း ဟာလန်းနဲ့ ပတ်သက်ပြီး သူတို့အသင်းဘက်က စိုးရိမ်ပူပန်နေမှာ မဟုတ်ဘူးလို့ အတိအလင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ဟာ လာမယ့် (၂၂)ရက်နေ့ တနင်္ဂနွေနေ့မှာပဲ မန်စီးတီးရဲ့ အီတီဟတ်ဒ်ကင်းမှာ ထိပ်တိုက် တွေ့ဆုံကြမှာဖြစ်ပြီး ဒီပွဲရလဒ်က အဆင့်ရပ်တည်ချက် အပြောင်းအလဲပါ ဖြစ်ပေါ်လာနိုင်မှာမို့ အတော်လေးကို ကြည့်ကောင်းမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာ သေချာနေပါတယ်။

Photo Credit : Manchester City FC

အထူးသဖြင့်တော့ ဒီရာသီမှာ (၄)ပွဲကစား သွင်းဂိုး (၉)ဂိုးအထိ သွင်းယူထားပြီး အာဆင်နယ် တစ်သင်းလုံးရဲ့ ဒီရာသီ သွင်းဂိုးအရေအတွက်ထက်တောင် ပိုမို သွင်းယူထားနိုင်တဲ့ မန်စီးတီး တိုက်စစ်မှူး ဟာလန်းနဲ့ (၄)ပွဲမှာ ပေးဂိုး (၁)ဂိုးတည်းသာ ခွင့်ပြုထားရသေးတဲ့ အာဆင်နယ်ရဲ့ အကျစ်လစ်ဆုံး ခံစစ်တန်းတို့ အားပြိုင်မှုကို တွေ့မြင်ရတော့မှာပါ။

ဟာလန်းက အခုဆိုရင် မန်စီးတီးအတွက် ပွဲပေါင်း (၁၀၃)ပွဲမှာ (၉၉)ဂိုး သွင်းယူထားနိုင်တဲ့အထိ ကြောက်ခမန်းလိလိ စွမ်းဆောင်ပေးထားနိုင်ခဲ့သလို အစ်ဝစ်ချ်တောင်းနဲ့ ဝက်စ်ဟမ်းတို့ပွဲတွေမှာပါ ဟက်ထရစ် (၂)ကြိမ်ဆက်အထိ ရယူပြထားနိုင်လို့ ဒါက အာဆင်နယ်ခံစစ်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာမှာ အသေအချာပါပဲ။

Photo Credit : The Sun

ဒါပေမယ့် ဒီလောက် ဂိုးသွင်းခြေမြူးနေတဲ့ ဟာလန်းနဲ့ ပတ်သက်ပြီးတော့ ဂျော်ဂျင်ဟိုက “အာလင်း ဂိုးတွေ တစ်ဂိုးပြီးတစ်ဂိုး သွင်းယူနေတာက ကျွန်တော်တို့ကို ရယ်မောအောင် လုပ်နေသလိုပါပဲ။ ကျွန်တော်တို့ကတော့ ဘောလုံးကို ချစ်မြတ်နိုးလို့ ဘောလုံးပွဲတွေတိုင်းကို ကြည့်ဖြစ်တယ်။”

“သူ အခုလို ဂိုးတွေမြူးနေတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ခေါင်းထဲမှာ ဘာမှ စိုးရိမ်စရာ ရှိမနေဘူး။ ကျွန်တော်တို့က ကိုယ့်အသင်းအပေါ်မှာပဲ အာရုံစိုက်နေဖို့သာ လိုအပ်ပြီးတော့ အဲ့ဒါကလည်း ကျွန်တော်တို့ လက်ရှိ ကြိုးစားလုပ်ဆောင်နေတဲ့ အရာပါပဲ။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ မန်စီးတီးကိုသာ အနိုင်ရအောင် ကစားနိုင်ခဲ့မယ်ဆိုရင် အဆင့်(၁)နေရာကိုပါ တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

Exit mobile version