MySport Myanmar

ချယ်လ်ဆီးရဲ့ စာချုပ်သစ် ကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချခဲ့တဲ့ ဂျော်ဂျင်ဟို

ဒီနှစ် ဘောလုံးရာသီအကုန် လာမယ့် ၂၀၂၃ခုနှစ် ဇူလိုင်လမှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မယ့် ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုတစ်ရပ်ကို ငြင်းဆန်ပယ်ချသွားခဲ့ပြီး တစ်ပတ်ကို ပေါင်(၁)သိန်းခွဲအထိ အလိုရှိတယ်လို့ တောင်းဆိုလိုက်ပါတယ်။

Photo Credit : The Sun

အသက်(၃၀)အရွယ်ရှိ အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ နည်းပြသစ် ဂရေဟမ်ပေါ်တာလက်အောက်မှာ ခြေစွမ်းပိုင်းတွေ ပိုမို တည်ငြိမ်လာခဲ့ပေမယ့်လည်း သူရဲ့ လက်ရှိစာချုပ်က လာမယ့်နှစ် ဇူလိုင်လထဲမှာပဲ သက်တမ်း ကုန်ဆုံးရတော့မှာ ဖြစ်သလို လာမယ့် ဇန်နဝါရီလဆိုရင်ပဲ ပရီးမီးယားလိဂ်ပြင်ပ ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့တွေကိုပါ ဆွေးနွေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ပါ သတင်းတွေ ထွက်ပေါ်နေရတဲ့ ဂျော်ဂျင်ဟိုဟာ အသင်းပြောင်းဖို့ထက် ချယ်လ်ဆီးအသင်းမှာသာ ဆက်လက် ရှိနေချင်တာဖြစ်သလို အသင်းကလည်း ဂျော်ဂျင်ဟိုကို ဆက်လက် ထိန်းသိမ်းထားချင်တာကြောင့် စာချုပ်သစ် ကမ်းလှမ်းခဲ့ရာ လစာပိုင်းမှာ အဆင်မပြေ ဖြစ်နေရသေးတယ်လို့ သိရပါတယ်။

Photo Credit : Chelsea FC

ချယ်လ်ဆီးအသင်းက သူတို့အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင် ဂျော်ဂျင်ဟို လက်ရှိ သူရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင်(၁၂၀၀၀၀)နဲ့ သက်တမ်းထပ်တိုးသွားဖို့ ကမ်းလှမ်းလာခဲ့ရာ ဂျော်ဂျင်ဟိုဘက်က ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး အသင်းခေါင်းဆောင် အက်ဇီပီလီကွယ်တာ ရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင်(၁၅၀၀၀၀)အတိုင်း ရရှိလိုတယ်လို့ တောင်းဆိုထားကြောင်း The Evening Standard ကနေ ဖော်ပြလာခဲ့ပါတယ်။ ယူရို-၂၀၂၀ ချန်ပီယံ ဂျော်ဂျင်ဟိုကို ဘာစီလိုနာ အပါအဝင် ရီးယဲလ်မက်ဒရစ် ဗလင်စီယာနဲ့ လိုင်ယွန်အသင်းတွေကနေ ဆက်သွယ်ထားခဲ့ဖူးတယ်လို့ ဂျော်ဂျင်ဟိုအေးဂျင့် ဂျာအိုဆန်းတို့စ်က ထုတ်ဖော် ပြောဆိုထားခဲ့ပေမယ့် သူကစားသမားကတော့ ချယ်လ်ဆီးနဲ့ သက်တမ်းတိုးဖို့ကိုသာ အာရုံစိုက်နေတယ်လို့ပါ ပြောကြားထားခဲ့ပါသေးတယ်။ ဘရာဇီးနွယ်ဖွား ဂျော်ဂျင်ဟိုဟာ ၂၀၁၈ခုနှစ် နာပိုလီကနေ နည်းပြဆာရီနဲ့အတူ ချယ်လ်ဆီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးမှာ ချန်ပီယံလိဂ်ဖလား အပါအဝင် ယူရိုပါလိဂ် ဥရောပစူပါဖလား ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးခဲ့သလို ၂၀၂၁ခုနှစ်က UEFA ရဲ့ The Best Player ဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Exit mobile version