ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ အီတလီ လက်ရွေးစင် အသင်းရဲ့ အဓိက ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီ ၁-၁ ဆွစ်ဇာလန် ပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် အီတလီအသင်း အတွက် ကိုယ်စားပြုပြီး နောက်ဆုံး ကန်သွင်းခဲ့တဲ့ ပင်နယ်တီ ၃ကြိမ်ဆက်တိုက် လွဲချော်ခဲ့တဲ့ မှတ်တမ်းဆိုး တခုကို ရရှိခဲ့ကြောင်း သိရပါတယ်။

အီတလီအသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ တဖက် တဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အီတလီအသင်းဟာ ပွဲကစားချိန် မိနစ် ၉၀မှာ ပွဲကို အနိုင်ယူနိုင်မယ့် ပင်နယ်တီ ရရှိခဲ့ပြီး အဆိုပါ ပင်နယ်တီကို ဂျော်ဂျင်ဟိုက တာဝန်ယူ ကန်သွင်းခဲ့ရာ သူ့ရဲ့ ကန်သွင်းချက်က ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာကြောင့် အီတလီအသင်းဟာ ရမှတ် ၁မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit: Metro

အီတလီအသင်းဟာ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက် ဝင်ခွင့် ရရှိအောင် ဆွစ်ဇာလန်အသင်းကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ခဲ့ပြီး အနိုင်ရလဒ်သာ ရရှိခဲ့ရင် ပြိုင်ပွဲဝင်ခွင့် ရရှိမှာ ဖြစ်ပေမယ့် သရေကျသွားတာကြောင့် လာမယ့်ပွဲစဉ်မှာ မြောက်အိုင်ယာလန်အသင်းကို မဖြစ်မနေ အနိုင်ကစားရတော့မှာပါ။

ဆွစ်ဇာလန်အသင်းနဲ့ ပွဲစဉ်မှာ အရေးကြီးတဲ့ ပင်နယ်တီ လွဲချော်ခဲ့တဲ့ ဂျော်ဂျင်ဟိုကတော့ ပွဲအပြီးမှာ သူ့ရဲ့ အသင်းဖော်တွေနဲ့ ပရိသတ်တွေကို တောင်းပန်သွားခဲ့ပြီး အီတလီ သတင်းထောက်တွေ ကတော့ ဂျော်ဂျင်ဟိုဟာ အီတလီအသင်း အတွက် နောက်ဆုံး တာဝန်ယူ ကန်သွင်းခဲ့တဲ့ ပင်နယ်တီ ၃ကြိမ်ဆက် လွဲချော်ခဲ့တာကြောင့် လာမယ့်ပွဲစဉ်မှာ ပင်နယ်တီ ရရှိခဲ့ပါက သူ့အစား လာဇီယို တိုက်စစ်မှူး အမ်မိုဘိုင်းလီနဲ့ နာပိုလီ တောင်ပံတိုက်စစ် ကစားသမား အင်ဆစ်ဂ်နီတို့ကို ပင်နယ်တီ ကန်ခိုင်းဖို့ အကြံပြုထားကြပါတယ်။

Photo Credit: Metro

ဂျော်ဂျင်ဟိုဟာ အင်္ဂလန်အသင်းနဲ့ ကစားခဲ့တဲ့ ယူရို၂၀၂၀ ဗိုလ်လုပွဲ ၊ စက်တင်ဘာလ ၆ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆွစ်ဇာလန်အသင်းနဲ့ အုပ်စု ပထမအကျော့ပွဲနဲ့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆွစ်ဇာလန်အသင်းနဲ့ အုပ်စု ဒုတိယအကျော့ပွဲ စတဲ့ ၃ပွဲစလုံးမှာ ပင်နယ်တီ လွဲချော်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ပင်နယ်တီ လွဲချော်မှုတွေကြောင့်ပဲ အီတလီအသင်းဟာ ဆွစ်ဇာလန်အသင်းနဲ့ နှစ်ကျော့စလုံးမှာ သရေရလဒ်သာ ရရှိခဲ့ပါတယ်။