ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အီတလီ လက်ရွေးစင်အသင်းရဲ့ အဓိက ကွင်းလယ်လူ ဂျော်ဂျင်ဟိုကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာအနေနဲ့ ဥရောပတိုက်ရဲ့ ချန်ပီယံအသင်းကို ကမ္ဘာ့ဖလားဝင်ခွင့် ပေးသင့်ကြောင်းနဲ့ ယူရိုချန်ပီယံက ကမ္ဘာ့ဖလားဝင်ခွင့် မရဘူး ဆိုတဲ့ အချက်ဟာ အတော်လေး ရယ်စရာကောင်းကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံး အင်အားကြီးနိုင်ငံ တနိုင်ငံ ဖြစ်တဲ့ အီတလီက ပြီးခဲ့တဲ့ ယူရို ၂၀၂၀ပြိုင်ပွဲမှာ နာမည်ကြီး အင်္ဂလန်ကို ဝင်ဘလေကွင်းမှာ အနိုင်ယူကာ ဥရောပတိုက်ရဲ့ ချန်ပီယံဘွဲ့ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် မကြာခင်မှာ ကျင်းပတော့မယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။

Photo Credit: Goal

အီတလီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ဥရောပဇုန် ခြေစစ်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင် ကစားခဲ့ရာ တိုက်ရိုက်ဝင်ခွင့် မရခဲ့သလို နောက်ထပ်တဆင့် ခြေစစ်ပွဲတွေ ထပ်မံ ယှဉ်ပြိုင် ကစားခဲ့ရာမှာလည်း အသင်းငယ်လေး တသင်း ဖြစ်တဲ့ မက်ဆီဒိုးနီးယားကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဝေးကွာခဲ့ရတာပါ။

ဒါကြောင့် ၂၀၂၀ ယူရိုချန်ပီယံ ဖြစ်ခဲ့သလို ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့် အထိ တက်လှမ်းနိုင်ခဲ့တဲ့ အီတလီက ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂ကြိမ်ဆက်တိုက် လွဲချော်တဲ့ မှတ်တမ်းဆိုး တခုကို ရရှိခဲ့ပြီး အီတလီရဲ့ အဓိက ကွင်းလယ်လူ ဂျော်ဂျင်ဟိုကတော့ ဖီဖာအနေနဲ့ ဥရောပတိုက်ရဲ့ ချန်ပီယံအသင်းကို အလိုအလျောက် ကမ္ဘာ့ဖလားဝင်ခွင့် ပေးသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

Photo Credit: Goal

ဂျော်ဂျင်ဟိုက – “ကျွန်တော် ရယ်စရာ တခု ပြောပြမယ်။ ဥရောပရဲ့ ယူရိုပြိုင်ပွဲကို အနိုင်ရတာက ခင်ဗျားကို အလိုအလျောက် ကမ္ဘာ့ဖလားဝင်ခွင့် အတွက် အာမခံချက် မပေးနိုင်ဘူးတဲ့ဗျာ။ ဒါက ဖြစ်သင့်ရဲ့လား” လို့ ပြောကြားရင်း ဥရောပတိုက်ရဲ့ ချန်ပီယံကို ကမ္ဘာ့ဖလားဝင်ခွင့် ပေးသင့်ကြောင်း ပြောဆိုသွားခဲ့တာပါ။

ကဲ ပရိသတ်ကြီးကရော ဖီဖာအနေနဲ့ သက်ဆိုင်ရာ တိုက်ကြီးတွေအလိုက် ချန်ပီယံ ဖြစ်ထားတဲ့ အသင်းတွေကို ခြေစစ်ပွဲ မကန်ခိုင်းပဲ အလိုအလျောက် ကမ္ဘာ့ဖလားဝင်ခွင့် ပေးသင့်တယ်လို့ ထင်ကြလားဗျ။