အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက သူတို့အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အဝေးကွင်း ပွဲစဉ်တိုင်းလိုလိုမှာ ရလဒ်မကောင်းခဲ့တာကို သင်ခန်းစာယူရမယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ မနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အဝေးကွင်းပွဲစဉ်တွေမှာ ဆီဗီလာ တစ်သင်းတည်းကိုသာ အနိုင်ရခဲ့ပြီး လန်းစ် ပေါ်တို ဘိုင်ယန်မြူးနစ်တို့ကို အဝေးကွင်းတွေမှာ ရှုံးနိမ့်ခဲ့ပြီး PSV ကိုတော့ သရေကစားနိုင်ခဲ့ပါတယ်။

Photo Credit : The Independent

ဒီညမှာလည်း အာဆင်နယ်က ယူရိုပါလိဂ် ချန်ပီယံ အတ္တလန်တာအသင်းကို အီတလီမြေမှာ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပြီး အတ္တလန်တာက သူတို့ကွင်းမှာ လီဗာပူးလ်ကိုတောင် (၃)ဂိုးပြတ်နဲ့ အနိုင်ယူထားခဲ့တဲ့ စီးရီးအေ အသင်းကောင်းတစ်သင်းလည်း ဖြစ်ပါတယ်။

ဒါကြောင့် အခုပွဲစဉ်နဲ့ ပတ်သက်ပြီး ဂျော်ဂျင်ဟိုက “ဒါက ကွဲပြားခြားနားပြီးတော့ သင်ခန်းစာယူဖို့ လိုအပ်တဲ့ အရာတစ်ခုပါ။ ဒီပြိုင်ပွဲကြီးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့တွေ နည်းနည်း ပိုလေ့လာသွားရပါမယ်။ ကျွန်တော်တို့က တစ်နေ့ပြီးတစ်နေ့ ပိုကောင်းလာနေတယ်။ အခုပွဲကလည်း ဒီရာသီမှာ ကျွန်တော်တို့အတွက် ပထမဆုံးသော ချန်ပီယံလိဂ်ပွဲလည်း ဖြစ်လာပါလိမ့်မယ်။”

Photo Credit : talkSPORT

“ကျွန်တော်တို့ နေ့တိုင်း အများကြီး တိုးတက်လာအောင် ကြိုးစားနေကြပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ရခဲ့တဲ့ သင်ခန်းစာတွေကို ကျွန်တော်တို့ မှတ်ယူထားရပါမယ်။ အခုပွဲက ကျွန်တော်တို့အတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်တာကြောင့် ဒီပွဲအတွက် ကျွန်တော်တို့တွေ အဆင်သင့် ဖြစ်နေဖို့ လိုပါတယ်။”

“ဒီပွဲနဲ့ ပတ်သက်ပြီး ဖိအားဝင်နေရမယ်လို့ ကျွန်တော် မထင်ပါဘူး ကျွန်တော်တို့က အမှတ်ပေးပြိုင်ပွဲမှာလည်း ဖိအားတွေနဲ့ ကစားခဲ့ရတာ။ အဲ့ဒီမှာက ဖိအားဒဏ်တောင် ပိုများနေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့တွေအနေနဲ့ အတူတူ တွန်းအားပေး ကစားဖို့ ၊ ပြီးခဲ့တဲ့ ရာသီက အမှားတွေကို သင်ခန်းစာယူပြီး ကစားသွားဖို့ပဲ လိုမယ်လို့ ကျွန်တော် ထင်ပါတယ်။”

“ကစားသမား အများစုအတွက် ဒါဟာ သူတို့ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆင်နွဲရတာလည်း ဖြစ်ခဲ့ရတာမို့ ဒီအတွေ့အကြုံကနေ အကောင်းဆုံး သင်ယူနိုင်ကြမှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်က အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် မပါဝင်နိုင်သေးတာကြောင့် အသင်းကွင်းလယ်မှာ ဂျော်ဂျင်ဟိုကို အသုံးပြုလာဖွယ် ရှိနိုင်ပါတယ်။