လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းနဲ့ ယူရိုချန်ပီယံ အီတလီအသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ ဂျော်ဂျင်ဟို ကတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို သွင်းဂိုးတွေ အပေါ် အခြေပြုပြီး မဆုံးဖြတ်ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အီတလီ လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့သလို အီတလီအသင်းရဲ့ ယူရိုချန်ပီယံ ဖြစ်ခဲ့တဲ့ ခရီးလမ်းမှာလည်း အဓိကကျခဲ့တဲ့ ကစားသမားပါ။

Photo Credit: Goal

ဒါကြောင့်လည်း ဂျော်ဂျင်ဟိုဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ် ဖြစ်တဲ့ UEFAက ပေးအပ် ချီးမြှင့်တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆုကို ရရှိခဲ့ပြီး ယခုလ ၂၉ရက်နေ့မှာ ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ ကစားသမားတွေထဲမှာလည်း ပါဝင်နေပါတယ်။

ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ရရှိဖို့ အတွက် ပီအက်စ်ဂျီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ၊ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီး ၊ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာနဲ့ ဂျော်ဂျင်ဟိုတို့က ရေပန်းစားနေကြတာ ဖြစ်ပြီး ဆုရဖို့ ရေပန်းစားနေတဲ့ ကစားသမားတွေထဲမှာ ဂျော်ဂျင်ဟို တဦးထဲကသာ ကွင်းလယ်လူ ဖြစ်ကာ ကျန်တဲ့ ကစားသမား ၃ဦးကတော့ တိုက်စစ်မှူးတွေပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ဂျော်ဂျင်ဟိုက ရွှေဘောလုံးဆု ရသင့် ၊ မရသင့် ဆုံးဖြတ်တဲ့ နေရာမှာ သွင်းဂိုးတွေကို ထည့်သွင်းနေတဲ့ ဓလေ့ကို ဖျက်သိမ်းဖို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပြီး သူဟာ အရေးကြီးတဲ့ ဆုဖလားတွေကို ရရှိထားတာကြောင့် ရွှေဘောလုံးဆုကို ရရှိဖို့ ထိုက်တန်သူပါလို့လည်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ဂျော်ဂျင်ဟိုက – “ ကျွန်တော် ရွှေဘောလုံးဆု ရသင့်လား ၊ မရသင့်ဘူးလား ဆိုတာမျိုးကို ဆုံးဖြတ်ရမယ့် တာဝန်က ကျွန်တော့်အပေါ်မှာ မရှိပါဘူး။ ဒါပေမယ့် ရွှေဘောလုံးဆုကို သွင်းဂိုးတွေ အပေါ် အခြေပြုပြီး မဆုံးဖြတ်ဘူး ဆိုရင် တခြား ကစားသမားတွေလည်း ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ ကြိုးစားမယ် ဆိုတဲ့ စိတ်မျိုး ဝင်လာမယ် လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ ဒီဆုနဲ့ ပတ်သတ်ပြီး မျှော်လင့်ချက် အများကြီး မထားမိပါဘူး။ ဒါပေမယ့် ဒီဆုကို မလိုချင်ဘူးလို့ ပြောပြန်ရင်လည်း လိမ်ရာကျပါမယ်။ တကယ်လို့ ကျွန်တော်သာ ရွှေဘောလုံးဆုကို ရခဲ့ရင် အတော်လေး ကောင်းပါလိမ့်မယ်။ ဒါပေမယ့် မရရင်လည်း ကိစ္စတော့ မရှိပါဘူး။ ကျွန်တော်က UEFAရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရပြီးပြီလေ” လို့ ပြောကြားသွားခဲ့တာပါ။