ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်သူ ဂျော်ဂျင်ဟိုကတော့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ချယ်လ်ဆီးကနေ ထွက်ခွာပြီး သူ့ရဲ့ မွေးရပ်မြေ အီတလီဆီ ပြန်ဖို့ တာစူနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၀ အရွယ် အီတလီ လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဂျော်ဂျင်ဟိုက ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်ပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တာကြောင့် ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း တိုးဖို့ထက် အသင်းကနေ ထွက်ခွာဖို့သာ ပိုမို အလိုရှိနေပါတယ်။

Photo Credit: ESPN

တဖက်မှာလည်း ချယ်လ်ဆီးက အသင်းပိုင်ရှင်သစ် အပြောင်းအလဲနဲ့အတူ အသင်းကို သွေးသစ်လောင်းဖို့ ကြံစည်နေတာကြောင့် ဂျော်ဂျင်ဟို အပါအဝင် အသက်အရွယ် ရလာတဲ့ ကစားသမား အများစုကို ရှင်းထုတ်ကာ လူငယ်ခြေတက် ကစားသမားတွေနဲ့ အသင်းကို ပြန်လည် တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။

ဒါကြောင့်ပဲ လာမယ့် နွေအပြောင်းအရွှေ့မှာ ဂျော်ဂျင်ဟိုနဲ့ ချယ်လ်ဆီးတို့ရဲ့ ကတ္တီပါလမ်းခွဲကို မြင်တွေ့ရဖို့ ရှိနေပြီး ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ အတွက် အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်က စိတ်ဝင်စားနေပါတယ်။

Photo Credit: ESPN

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က ဂျော်ဂျင်ဟို အတွက် တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး ဂျော်ဂျင်ဟိုကလည်း ဂျူဗင်တပ်ထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားကြောင်း သိရပါတယ်။

ဂျူဗင်တပ်က စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ဂျော်ဂျင်ဟို အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် သုံးစွဲရဖွယ် ရှိနေကြောင်းလည်း အီတလီ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။