ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အီတလီ လက်ရွေးစင် အသင်းရဲ့ အဓိက ကွင်းလယ်လူ ဂျော်ဂျင်ဟိုကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲမှာ အီတလီက မက်ဆီဒိုးနီးယားကို ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီးနောက် ယခုလိုမျိုး အီတလီက ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတာဟာ သူ့ရဲ့ အမှားကြောင့်သာ ဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ချန်ပီယံ အီတလီအသင်းဟာ လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲ ပါဝင်ခဲ့ပေမယ့် ခြေစစ်ပွဲတွေ ယှဉ်ပြိုင် ကစားခဲ့ရာမှာ ရလဒ်ဆိုး တချို့ ရရှိခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ တိုက်ရိုက်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး ယခု Play Off ထပ်မံ ယှဉ်ပြိုင် ကစားရာမှာလည်း မက်ဆီဒိုးနီးယားလို ဥရောပရဲ့ အသင်းငယ် တသင်းကို မထင်မှတ်ပဲ အရေးနိမ့်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဝေးကွာခဲ့ရပါတယ်။

Photo Credit: Sky Sports

အီတလီဟာ သူတို့ရဲ့ အိမ်ကွင်းမှာ မက်ဆီဒိုးနီးယားကို ဧည့်ခံ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ တပွဲလုံးနီးပါး မက်ဆီဒိုးနီးယားဘက်ကို ဖိအားပေး တိုက်စစ်ဆင် ကစားနိုင်ခဲ့ပေမယ့် မက်ဆီဒိုးနီးယားရဲ့ ခံစစ် ကျစ်လျစ်မှု ၊ တိုက်စစ် ကစားသမားတွေရဲ့ အခွင့်အရေး လွဲချော်မှုတွေကြောင့် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့သလို မက်ဆီဒိုးနီးယားရဲ့ တန်ပြန်တိုက်စစ်ကို လျော့တွက်မိခဲ့တာကြောင့် ပွဲပြီးဆုံးခါနီးမှာ မက်ဆီဒိုးနီးယားကို အဖိုးတန် အနိုင်ဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။

အဆိုပါရှုံးပွဲကြောင့်ပဲ အီတလီက နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ကြိမ်ဆက်တိုက် လွဲချော်ခဲ့တဲ့ မှတ်တမ်းဆိုး တရပ်ကို ရရှိခဲ့ပြီး အီတလီ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲ တိုက်ရိုက်ဝင်ခွင့် ရဖို့ အတွက် အရေးပါခဲ့တဲ့ ဆွီဒင်နဲ့ပွဲစဉ်မှာ သူ့ရဲ့ နောက်ဆုံးမိနစ် ပင်နယ်တီ လွဲချော်ခဲ့မှုက အီတလီရဲ့ ကမ္ဘာ့ဖလားအိမ်မက်ကို ရိုက်ချိုးပစ်ခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ခဲ့ကြောင်း ဝမ်းနည်းပက်လက် ဖွင့်ဟ ပြောပြလာပါတယ်။

Photo Credit: Sky Sports

ဂျော်ဂျင်ဟိုက – “ဒီနေ့ပွဲမှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို ရှင်းပြဖို့ ခက်ခဲပါတယ်။ ဒီရလဒ်က ကျွန်တော်တို့ကို အတော်လေး နာကျင်စေပါတယ်။ အရိုးသားဆုံး ပြောရရင် ကျွန်တော်တို့တွေ ဒီပွဲမှာ ရှုံးနိမ့်ခဲ့တာကို မယုံနိုင်သေးပါဘူး။ ကျွန်တော်တို့တွေ ဒီပွဲကို လွှမ်းမိုးနိုင်ခဲ့သလို အခွင့်အရေးတွေလည်း အများကြီး ရခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့တွေက ရလာတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့တွေ ကစားပုံ ကောင်းခဲ့တယ်။ ပြီးခဲ့တဲ့ နွေရာသီမှာလည်း ယူရိုဖလားကို အရယူနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ နောက်ဆုံး ကစားခဲ့တဲ့ အရေးကြီးပွဲတွေမှာ အမှားအယွင်းတွေ အများအပြား လုပ်မိခဲ့ပါတယ်။ ဒါကပဲ ကျွန်တော်တို့ကို ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဝေးကွာစေခဲ့တာပါ။ ကျွန်တော့်ရဲ့ ပင်နယ်တီ လွဲချော်မှုနဲ့ ပတ်သတ်ပြီးလည်း အခုချိန်အထိကို နာကျင်ခံစားရပါတယ်။ ကျွန်တော်သာ ပင်နယ်တီ ဝင်ခဲ့ရင် ဆိုတဲ့ အတွေးက ကျွန်တော့်ကို ခြောက်လှန့်နေဆဲပါ။ ဒီအိမ်မက်ဆိုးက ကျွန်တော့်ရဲ့ တဘဝလုံးကို လွှမ်းမိုးနေတော့မယ် ဆိုတာ အသေအချာပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။