ဆောင်းဈေးကွက် အပြောင်းအရွှေ့ရဲ့ နောက်ဆုံးနေ့မှာပဲ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးကနေ မြို့ခံပြိုင်ဘက် အာဆင်နယ်ဆီ ပြောင်းရွှေ့ကာ ပရိသတ်တွေကို စပရိုက် တိုက်သွားခဲ့သူက အီတလီ ကွင်းလယ်လူ ဂျော်ဂျင်ဟိုပဲ ဖြစ်ပါတယ်။

အသက် ၃၁နှစ် အရွယ် အီတလီ လက်ရွေးစင် ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် ကစားသမား ဂျော်ဂျင်ဟိုက ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ၅လကျော်သာ ကျန်တော့သူ ဖြစ်ပြီး အာဆင်နယ်က ဂျော်ဂျင်ဟို အတွက် ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ပေါင် ၁၂သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Arsenal

ဂျော်ဂျင်ဟိုက ကမ္ဘာ့အဆင့် ဗဟိုကွင်းလယ်လူ တဦး ဖြစ်သလို ကြံ့ခိုင်မှု ကောင်းမွန်ကာ ပရီးမီးယားလိဂ် အတွေ့အကြုံလည်း ရင့်တာကြောင့် ဂျော်ဂျင်ဟိုကို ပေါင် ၁၂သန်းထဲနဲ့ ခေါ်ယူနိုင်ခဲ့တာဟာ အာဆင်နယ် အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု တခု ဖြစ်ခဲ့ပြီး ဂျော်ဂျင်ဟိုက အာဆင်နယ်မှာ ကျောနံပါတ် ၂၀ကို ဝတ်ဆင် ကစားသွားဖို့ ရှိပါတယ်။

အာဆင်နယ် ကစားသမား ဘဝ ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဂျော်ဂျင်ဟိုက အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ရလာချိန်မှာ အချိန်ယူကာ စဉ်းစားစရာ မလိုခဲ့ပဲ ချက်ချင်းဆိုသလို ကမ်းလှမ်းမှုကို လက်ခံခဲ့ကာ အာဆင်နယ်နည်းပြ အာတီတာဟာ အာဆင်နယ်ဆီ ပြောင်းလာခဲ့ရတဲ့ အကြောင်းပြချက်တွေထဲက တခု ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Arsenal

ဂျော်ဂျင်ဟိုက – “အာတီတာက ဒီဆုံးဖြတ်ချက်အပေါ် (ချယ်လ်ဆီးကနေ အာဆင်နယ်ဆီ ပြောင်းလာတဲ့ ဆုံးဖြတ်ချက်) အများကြီး သက်ရောက်မှု ရှိခဲ့တဲ့ လူပါ။ သူက ကျွန်တော့်ကို ခေါ်ယူဖို့ မကြာခဏ ကြိုးစားခဲ့တဲ့ နည်းပြတယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော့်အတွက် သူက ဒီခရီးစဉ်ရဲ့ အဓိက အကြောင်းပြချက်တွေထဲက တခုပါ။ ကျွန်တော်က စိန်ခေါ်မှုအသစ် အတွက် အရမ်းကို စိတ်လှုပ်ရှားနေသလို အသင်းအတွက် ကစားပေးဖို့လည်း မစောင့်နိုင်တော့ပါဘူး။ အရာအားလုံးက ခပ်မြန်မြန်ပဲ ဖြစ်သွားခဲ့တာပါ။ ကျွန်တော်ကလည်း အာဆင်နယ်ရဲ့ ကမ်းလှမ်းမှု ရောက်လာလို့ အံ့ဩခဲ့ရပါသေးတယ်။ ဒါပေမယ့် ကျွန်တော်က ဒီလို အရမ်းကောင်းတဲ့ စိန်ခေါ်မှု တခုကို လက်မလွှတ်နိုင်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။