ချယ်လ်ဆီးအသင်းရဲ့ အီတလီ ကွင်းလယ်ကစားသမားဖြစ်သူ ဂျော်ဂျင်ဟိုက ချယ်လ်ဆီးပရိသတ်တွေအနေနဲ့ သူ့ကို နည်းပြကြီး မာရီဇီယိုဆာရီရဲ့ သားလို့ လှောင်ပြောင်ခေါ်ဝေါ်မှုတွေဟာ သူ့ကို အရမ်းဒေါသထွက်စေခဲ့ရပြီး စိတ်အနှောင့်အယှက်လည်း ဖြစ်စေခဲ့ရပေမယ့် ဒါဟာ သူ့အတွက်ကတော့ အမြဲကြုံနေရတတ်တဲ့ ကိစ္စတစ်ခုဖြစ်သလို သူပါဝင်ကစားခဲ့တဲ့ ကလပ်အသင်းတိုင်းမှာလည်း ကနဦးပိုင်းတွေမှာ ခြေစွမ်းပြဖို့ ရုန်းကန်ရတတ်တာမို့ သူ့ကို အသင်းပရိသတ်တွေက အမြဲတမ်းလှောင်ပြောင်နေတတ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၉)နှစ်အရွှယ်ရှိ အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ ၂၀၁၈ခုနှစ်ကမှ နာပိုလီကနေ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးနည်းပြသစ်အဖြစ် ဆာရီ ခန့်အပ်ခဲ့ရပြီးနောက်မှာ ဆာရီက သူရဲ့တပည့်ကျော်ဖြစ်တဲ့ ဂျော်ဂျင်ဟိုကို ချယ်လ်ဆီးအသင်းဆီ ခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျော်ဂျင်ဟိုရဲ့ ချယ်လ်ဆီးကစားသမားဘဝအစမှာ ဝေဖန်ခံရ လှောင်ပြောင်ခံရမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရတာဖြစ်သလို နည်းပြဆာရီကလည်း ပွဲတိုင်းနီးပါး ဂျော်ဂျင်ဟိုကို ပွဲထွက်လူစာရင်းမှာ အမြဲသုံးခဲ့တာကြောင့် ဂျော်ဂျင်ဟိုကို ပရိသတ်တွေ ဆာရီရဲ့သားလို့ပါ လှောင်ပြောင်ဝေဖန်ခဲ့ကြပါတယ်။

Photo Credit : Daily Express

ဒီလို လှောင်ပြောင်ခံရတာနဲ့ပတ်သက်ပြီး ဂျော်ဂျင်ဟိုက “ကျွန်တော်ရဲ့ ချယ်လ်ဆီးကစားသမားဘဝအစက နာပိုလီမှာ ပွဲထွက်ခဲ့တာကိုတောင် ပိုပြီးသတိရစေပါတယ်။ သူတို့(ပရိသတ်တွေ)အားလုံး ပြောဆိုခဲ့တာတွေကို ကျွန်တော်တို့တွေ အမြဲတမ်း မှတ်မိနေမှာပဲလေ ဟုတ်တယ်မလား။ ကျွန်တော် ကစားတာ အရမ်းနှေးတယ်။ ကျွန်တော် ကစားတာ အရမ်းအားနည်းတယ်။ နောက်ပြီး ကျွန်တော်က ဆာရီရဲ့သားပါ ဖြစ်လိုက်ရပါသေးတယ်။ ဟေ့လူရာ ဒါကတော့ ကျွန်တော့်ကို အရမ်း ဒေါသထွက်စေရတယ်။ ဒါပေမယ့် သူတို့တွေ ကျွန်တော့်ကို လျှော့တွက်ကြတာကို နားလည်ပါတယ်။ ကျွန်တော်ကလည်း ကျွန်တော်ကစားဖူးတဲ့ ကလပ်အသင်းတိုင်းနဲ့ ပွဲဦးထွက်တွေမှာဆို ဒီလိုပုံစံမျိုး အမြဲဖြစ်နေတတ်တာကို။ ကျွန်တော် ဗီရိုနာကို ရောက်တုန်းကဆို ဘယ်သူကမှ ကျွန်တော့်ကို အလိုမရှိကြဘူး။ သူတို့တွေက ကျွန်တော့်ကို စတုတ္ထတန်း ကလပ်တစ်ခုကိုတောင် အငှားပို့ချင်နေကြတာ။ ဒီမှာလည်း ဒီလိုပုံစံမျိုး ကြုံခဲ့ရတာပါပဲ။ ဒါပေမယ့် ကျွန်တော်အလုပ် ကြိုးစားတယ်။ လေးစားမှုတွေ ပြန်လည်ရရှိလာတယ်။ အခုဆိုရင် ကျွန်တော်က ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ရော ယူရိုပါလိဂ်ဖလားပါ ရယူထားနိုင်ခဲ့လို ဝေဖန်လှောင်ပြောင်သူတွေကို ပြောချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။