ဘရာဇီးနွယ်ဖွား ကစားသမားတစ်ယောက်ဖြစ်တဲ့ ဂျော်ဂျင်ဟိုဟာ လက်ရှိ ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာတော့ ဘောလုံးပရိသတ်တွေကြား ရေပန်းစားနေသူအဖြစ် ရှိလာခဲ့ရပါတယ်။ ကစားသမားဘဝကို အနိမ့်အမြင့် အတတ်အကျပေါင်းများစွာနဲ့ ဖြတ်သန်းလာခဲ့ရသူ ဂျော်ဂျင်ဟိုဟာ အခုတော့ သူရဲ့နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ ယူရိုဆုဖလားကြီးကိုပါ ပိုင်ဆိုင်နိုင်ဖို့ လက်တစ်ကမ်းအကွာကို ရောက်ရှိလာခဲ့သလို ဒီချန်ပီယံဆုကိုသာ ရယူနိုင်ခဲ့မယ်ဆိုရင် သူဟာလည်း ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဆိုတဲ့ Ballon d’Or ဆုကြီးကိုပါ ပိုင်ဆိုင်နိုင်ဖို့ နီးစပ်လာတော့မှာဖြစ်ပါတယ်။

Photo Credit : Football London

အသက်(၂၉)နှစ်အရွှယ်ရှိ ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း သူရဲ့ကလပ်အသင်း ချယ်လ်ဆီးအသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ်ဆုဖလားကြီးကို ရယူထားနိုင်ခဲ့တာဖြစ်ပြီး အခုလည်း အီတလီလက်ရွေးစင်အသင်းနဲ့ပါ ယူရို-၂၀၂၀ ချန်ပီယံဖြစ်လာဖို့က အနီးစပ်ဆုံး အနေအထားကို ရောက်ရှိလာခဲ့ပါတယ်။ ဒါဟာ သူပါဝင်ကစားခဲ့တဲ့ အသင်းတွေရဲ့ စွမ်းဆောင်ရည်တွေအပြင် သူရဲ့ကွင်းလယ်ပိုင်း မောင်းနှင်အားတွေကလည်း အခရာကျခဲ့သလို မနေ့ညက စပိန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း ပင်နယ်တီအဆုံးအဖြတ် ခံယူနေရစဉ်အတွင်း ပွဲရလဒ်တစ်ခုလုံး အဆုံးအဖြတ်ဖြစ်သွားနိုင်မယ့် ပင်နယ်တီကို တည်တည်ငြိမ်ငြိမ်နဲ့ ကန်သွင်းခဲ့ပြီး အသင်းကို ဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Football Espana

ပင်နယ်တီကန်သွင်းမှု ကောင်းမွန်တဲ့ ကစားသမားဆိုပေမယ့် အီတလီကွင်းလယ်ပိုင်းအတွက် ဂျော်ဂျင်ဟိုက ဘယ်လောက်အရေးပါသလဲဆိုတာ ယူရို-၂၀၂၀ပွဲစဉ်တွေအားလုံးမှာ ပွဲထွက်ကစားသမားအဖြစ် ဆက်တိုက်ပါဝင်ခွင့်ရတာကိုကြည့်ရင် သိနိုင်ပါလိမ့်မယ်။ အီတလီနည်းပြ ရောဘတ်တိုမန်စီနီကိုယ်တိုင်က ဂျော်ဂျင်ဟိုကို ဝေးလ်စ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အမှတ်မလိုတော့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အထိပါ ဆက်တိုက်အသုံးပြုထားတယ်ဆိုကတည်းက ဂျော်ဂျင်ဟိုရဲ့ အခန်းကဏ္ဍာ ဘယ်လောက်တောင် အရေးကြီးလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ ဂျော်ဂျင်ဟိုကိုယ်တိုင်ကလည်း ပွဲတိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့သလို ဘယ်ဂျီယံနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကွာတားဖိုင်နယ်ပွဲမှာတော့ သူရဲ့အကောင်းဆုံး စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီး ဘောလုံးပေးပို့မှုတွေ အားလုံးရဲ့ (၉၉)%အထိကိုတောင် တိတိကျကျ ပေးပို့နိုင်ခဲ့ပါတယ်။ ကွင်းလယ်ဗဟို ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက် ဂျော်ဂျင်ဟိုရဲ့စွမ်းဆောင်ရည်တွေထဲမှာ သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေ မပါဝင်နေခြင်းနဲ့ပတ်သက်ပြီး ဘောလုံးပဲ ပေးပို့နေတတ်တဲ့ ကစားသမားလို့ ဝေဖန်ခံခဲ့ရပေမယ့် ဂျော်ဂျင်ဟိုက သူပါဝင်ကစားရတဲ့ အသင်းတစ်သင်းရဲ့ ကွင်းလယ်ပိုင်းကို အကောင်းဆုံး ထိန်းချုပ်ပေးတတ်ပြီး တိကျတဲ့ ဘောလုံးပေးပို့မှုတွေ ပြိုင်ဘက်ရဲ့တိုက်စစ်လမ်းကြောင်းတွေကို ကွင်းလယ်ကနေ ဟန့်တားနိုင်မှုတွေနဲ့ အသင်းကို အကောင်းဆုံး ကူညီပေးနိုင်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူသာ အီတလီအသင်းနဲ့ ယူရိုချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့မယ်ဆိုရင် ဒီနှစ်ရဲ့ Ballon d’Or ဆုရှင်တစ်ယောက် ဖြစ်လာဖို့က သေချာသလောက်ကို ရှိနေရပါတယ်။