ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ အဓိက ကွင်းလယ်လူ ဂျော်ဂျင်ဟို ကတော့ သူဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုနဲ့ လာမယ့် ၂၀၂၂ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားတို့ကို လိုချင်ကြောင်း ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်အပြီး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းနဲ့ အတူ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီ အစမှာ ကျင်းပခဲ့တဲ့ ယူရို၂၀၂၀ပပြိုင်ပွဲမှာလည်း အီတလီအသင်းနဲ့ အတူ ဗိုလ်စွဲခဲ့တာကြောင့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ ရေပန်းစားနေသူပါ။

Photo Credit: Sports Max

ဂျော်ဂျင်ဟိုဟာ ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်တာကြောင့် သူ့ရဲ့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု အရေအတွက်ဟာ အတော်လေးကို နည်းပါးပေမယ့် ချယ်လ်ဆီးအသင်းနဲ့ အီတလီအသင်းတို့ရဲ့ ဆုဖလား အောင်မြင်မှုတွေမှာ သူ့ရဲ့ ကစားပုံတွေဟာ အတော်လေးကို အရေးပါခဲ့ပြီး ချယ်လ်ဆီးနည်းပြ တူချယ်နဲ့ အီတလီ နည်းပြ မန်စီနီတို့ကလည်း ဂျော်ဂျင်ဟိုဟာ ရွှေဘောလုံးဆုနဲ့ ထိုက်တန်ကြောင်း ထောက်ခံစကား ပြောကြားထားကြပါတယ်။

လက်ရှိမှာတော့ ဂျော်ဂျင်ဟိုနဲ့အတူ ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ ကစားသမားတွေ ကတော့ ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီ ၊ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးတို့ ဖြစ်ကြပြီး ဂျော်ဂျင်ဟို ကတော့ သူဟာ ရွှေဘောလုံးဆုကို ရယူဖို့ စိတ်ကူးအိမ်မက် ရှိသလို လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အီတလီအသင်းနဲ့အတူ အောင်မြင်ချင်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Sports Max

ဂျော်ဂျင်ဟိုက – “ ရွှေဘောလုံးဆုကို ရ ၊ မရ ဆိုတာကိုတော့ ကျွန်တော် အတပ် မပြောနိုင်ပါဘူး။ ဒါပေမယ့် တကယ်လို့ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အိမ်မက် မရှိဘူး ဆိုရင်တော့ ကစားသမားဘဝ ကနေ အနားယူလိုက်တော့မှာပါ။ အခု ကျွန်တော့်ရဲ့ အိမ်မက်က လာမယ့်ပွဲကို အနိုင်ကစားဖို့ပါပဲ။ ပြီးတော့ ကျွန်တော် ကမ္ဘာ့ဖလားကို ရယူချင်တယ်။ ကမ္ဘာ့ဖလားကို မလိုချင်တဲ့သူ ဆိုတာ မရှိဘူးလေ။ ကျွန်တော့်အနေနဲ့ အခုလောက် အထိ အောင်မြင်မှု ရလိမ့်မယ်လို့ မထင်ထားတာတော့ အမှန်ပါ။ ဒါပေမယ့် ကျွန်တော့်မှာ အောင်မြင်မှုတွေ ရယူချင်တဲ့ စိတ်ဆန္ဒတွေ ရှိပါတယ်။ အခုဆိုရင် ကျွန်တော်က ကျွန်တော့်ရဲ့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာအောင် ကြိုးစားနေပါပြီ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။