ယူရို၂၀၂၀ ချန်ပီယံ အီတလီ လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ မန်စီနီ ကတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ရွှေဘောလုံးဆုကို အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟိုသာ ရသင့်ကြောင်း ထောက်ခံစကား ပြောကြားသွားခဲ့ပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆု ဆုပေးပွဲကို လာမယ့် နိုဝင်ဘာလ ၂၉ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ယခုအချိန်မှာတော့ နာမည်ကျော် သတင်းထောက်တွေ ၊ နိုင်ငံအသင်းတွေရဲ့ နည်းပြတွေနဲ့ အသင်းခေါင်းဆောင်တွေဟာ ရွှေဘောလုံးဆု အတွက် သူတို့နှစ်သက်တဲ့ ကစားသမားကို မဲပေး ရွေးချယ်ရတော့မှာပါ။

Photo Credit: Mirror

ဒါကြောင့် လတ်တလောမှာ ရွှေဘောလုံးဆုနဲ့ ပတ်သတ်တဲ့ သတင်းတွေဟာ ဘောလုံးလောကမှာ ပျံ့နှံ့နေပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ကစားသမားတွေ ကတော့ ကိုပါအမေရိက ချန်ပီယံ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ ၊ နှစ်ရာသီ ဆက်တိုက် ထိပ်တန်း ခြေစွမ်းကို ပြသထားနိုင်တဲ့ ပိုလန် အသင်းခေါင်းဆောင် လီဝမ်ဒေါစကီး ၊ ချန်ပီယံလိဂ်နဲ့ ယူရို၂၀၂၀ဖလားတို့ကို အရယူထားနိုင်တဲ့ ဂျော်ဂျင်ဟိုတို့ပဲ ဖြစ်ပါတယ်။

ဂျော်ဂျင်ဟို ကတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို ရရှိချင်ကြောင်း ဝန်ခံထားပြီး ဂျော်ဂျင်ဟိုရဲ့ ဆရာတဦး ဖြစ်သူ အီတလီအသင်းရဲ့ နည်းပြ မန်စီနီကလည်း သူ့ရဲ့ ကစားသမားဟာ ရွှေဘောလုံးဆုနဲ့ ထိုက်တန်ကြောင်း ထောက်ခံသွားခဲ့ပါတယ်။

Photo Credit: Mirror

ဂျော်ဂျင်ဟိုက ရွှေဘောလုံးဆုနဲ့ ထိုက်တန်ကြောင်းကို မန်စီနီက – “အီတလီအသင်းရဲ့ ကစားသမားတွေ ရွှေဘောလုံးဆုရဲ့ စကာတင် စာရင်းထဲမှာ ပါဝင်လာတာဟာ ကျွန်တော် တော်လို့ မဟုတ်ပါဘူး။ သူတို့က ထိပ်တန်း ကစားသမားတွေ ဖြစ်နေလို့ပါ။ တကယ်လို့ ကျွန်တော်ကသာ ရွှေဘောလုံးဆု ပိုင်ရှင်ကို ရွေးချယ်ခွင့် ရမယ် ဆိုရင် ဂျော်ဂျင်ဟိုကိုပဲ ရွေးမိပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ သူက ချန်ပီယံလိဂ်နဲ့ ယူရို၂၀၂၀ ဆုဖလားကို ရယူနိုင်ခဲ့လို့ပါ။ ပြီးတော့ သူက အက်ဖ်အေဖလားမှာလည်း ဒုတိယဆုကို ရရှိခဲ့ပါသေးတယ်။ သူ့ထက် ပိုပြီး ဒီဆုနဲ့ ထိုက်တန်တဲ့ ကစားသမား မရှိတော့ပါဘူး” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။