MySport Myanmar

လန်ဒန်ဒါဘီ ပင်နယ်တီ လွဲချော်မှုအတွက် တောင်းပန်စကား ပြောဆိုခဲ့တဲ့ ဂျော်ဂျင်ဟို

ပြီးခဲ့တဲ့ super Sunday စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချယ်လ်ဆီးအသင်းနဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းတို့ရဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲပြီးခါနီးလေးမှာပဲ အိမ်ရှင်အသင်းက ပင်နယ်တီကန်ခွင့် ရရှိခဲ့လို့ အသင်းရဲ့ ပင်တိုင် ပင်နယ်တီ ကန်သွင်းသူဖြစ်တဲ့ ဂျော်ဂျင်ဟိုက ကန်သွင်းခဲ့ရာမှာ ဂိုးမဝင်ခဲ့ပဲ ပွဲပါ ဂိုးမရှိသရေနဲ့ အဆုံးသတ်လုနီးပါးထိ ဖြစ်ခဲ့ရပေမယ့် ပူလီဆစ်ရဲ့ မိနစ်(၉၀) သွင်းဂိုးကြောင့် အိမ်ရှင်တို့ အိမ်ကွင်းမှာ (၂)ပွဲဆက်တိုက် နိုင်ပွဲမပျောက်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Football365

အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ သူရဲ့လက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းတို့မှာ ပုံမှန်ပင်နယ်တီ ကန်သွင်းသူအဖြစ် တာဝန်ယူနေရတာ ဖြစ်ပေမယ့်လည်း နောက်ပိုင်းပွဲတွေမှာ သူရဲ့ပင်နယ်တီ ကန်သွင်းမှုတွေကလည်း ဂိုးအဖြစ် မပြောင်းလဲနိုင်သလို သူရဲ့ ပင်နယ်တီ မဝင်မှုတွေကြောင့်ပါ အီတလီအသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မအောင်မြင်ခဲ့ရတာ ဖြစ်တယ်လို့ ဂျော်ဂျင်ဟိုကိုယ်တိုင် ဝန်ခံပြောကြားထားခဲ့ပါတယ်။ အခုလည်း ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လန်ဒန်ဒါဘီပွဲမှာ ပွဲပြီးခါနီး ပင်နယ်တီကန်ခွင့် ရရှိခဲ့ပေမယ့် ဂျော်ဂျင်ဟိုရဲ့ ကန်သွင်းမှုက ဂိုးမဝင်ခဲ့ပဲ ဂိုးသမား ဖာဘီယန်စကီး အသာအယာ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

သူရဲ့ ပင်နယ်တီ လွဲချော်မှုနဲ့ပတ်သက်ပြီး ဂျော်ဂျင်ဟိုက “ဒီလိုပွဲမျိုးမှာ အနိုင်ရဖို့ လိုအပ်နေပြီး ပင်နယ်တီကလည်း နောက်ဆုံးမိနစ်မှာ ရရှိတာဖြစ်လို့ ဖိအားတွေ ရှိနေခဲ့ရပါတယ်။ သင်ရဲ့စိတ်အာရုံကို ဖိအားတွေကနေ ခွဲထုတ်ဖို့ ကြိုးစားရမယ်။ VAR နဲ့ ဆုံးဖြတ်ချက် ခံယူနေရမှုကလည်း အချိန် နည်းနည်းပိုကြာနေလို့ အာရုံစူးစိုက်ဖို့ ပိုခက်ခဲရပါတယ်။ ခါတိုင်းလိုပဲ ကျွန်တော် ဒီဖိအားတွေကို ခွဲထုတ်ဖို့ ကြိုးစားတယ်။ ဒီတစ်ခါတော့ အဆင်မပြေပါဘူး။ သင့်မှာ သံသယစိတ် နည်းနည်းရှိနေတဲ့အခါ အဲ့ဒါ သင်အမှားလုပ်မိတဲ့အချိန် ဖြစ်နိုင်တယ်။ အဲ့ဒါကို စဉ်းစားဖို့ အချိန်တွေ ရမ်းများခဲ့တာ ဖြစ်နိုင်တယ်။ ကျွန်တော် တောင်းပန်ပါတယ်။ စိတ်မကောင်းပါဘူး” လို့ တောင်းပန်စကား ပြောဆိုသွားခဲ့ပါတယ်။ ဒီလို တောင်းပန်စကားတွေအပြင် မကြာခင်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားတော့မယ့် အသင်းဖော် နောက်ခံလူ အန်တိုနီယိုရူဒီဂါနဲ့ ပတ်သက်ပြီးတော့လည်း ဂျော်ဂျင်ဟိုက “သူ ဒီမှာရှိနေတာ ကြာပြီဖြစ်လို့ သူထွက်သွားမယ်ဆိုရင် ကျွန်တော်တို့ သူ့ကို လွမ်းနေရမယ်။ သူက ကျွန်တော်ရဲ့ သူငယ်ချင်းကောင်းဖြစ်ပြီး သူထွက်သွားမယ်ဆိုရင် ကျွန်တော်သာမက အသင်းက လူတိုင်း သူ့ကို လွမ်းနေကြမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Exit mobile version