အာဆင်နယ်အသင်းရဲ့ အီတလီ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက သူရဲ့ ဘောလုံးသမားဘဝကို စတင်ခဲ့ရာ အမိမြေ အီတလီကို ပြန်ပြီး အီတလီ စီးရီးအေ ကလပ်အသင်း တစ်သင်းသင်းမှာ ပြန်လည် ပါဝင် ကစားလိုကြောင်း ဝန်ခံ ပြောဆိုလိုက်ပါတယ်။

အသက် (၃၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ အီတလီကလပ် ဗီရိုနာ လူငယ်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး ၂၀၁၄ခုနှစ်မှာတော့ စီးရီးအေ ထိပ်သီးကလပ် နာပိုလီအသင်းဆီ ရောက်ရှိလာကာ နာပိုလီရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Arsenal

နာပိုလီအသင်းနဲ့ (၅)ရာသီ ကျင်လည်ပြီး ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာတဲ့ ဂျော်ဂျင်ဟိုဟာ ချယ်လ်ဆီးအတွက် (၄)ရာသီခွဲ ပါဝင်ခဲ့ပြီးနောက် ၂၀၂၃ နှစ်စပိုင်းမှာပဲ အာဆင်နယ်အသင်းထံ ထပ်မံ ပြောင်းရွှေ့ခဲ့ပါသေးတယ်။ ဒါပေမယ့် လာမယ့် ၂၀၂၄ ဇွန်မှာတော့ ဂျော်ဂျင်ဟိုက အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ် နဲ့ ဂျော်ဂျင်ဟိုတို့ရဲ့ စာချုပ်ထဲမှာတော့ အပိုတစ်နှစ် ထပ်တိုးခွင့်ကို ချုပ်ဆိုထားပေမယ့်လည်း ဂျော်ဂျင်ဟို ကိုယ်တိုင်ကတော့ အာဆင်နယ်နဲ့ ဆက်လက် ပူးပေါင်းဖို့ထက် စီးရီးအေပြိုင်ပွဲဆီ ပြန်သွားဖို့ကိုသာ ဆန္ဒရှိလို့နေပါတယ်။

Photo Credit : The Sun

“ကျွန်တော် အရမ်း သံသယ ဖြစ်မိပါတယ်။ ကျွန်တော် အီတလီကို ပြန်သွားချင်တယ်။ ဒါပေမယ့် ဘယ်အချိန်လောက် ပြန်သွားမယ်ဆိုရင် သင့်တော်မလဲ ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော် ပြန်သွားချင်ပေမယ့် ဘယ်အချိန်မှ ပြန်သွားရမလဲ ဆိုတာကို ကျွန်တော် မသိဘူး။”

“ကျွန်တော် အာဆင်နယ်အသင်းမှာ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်လို့လည်း ခံစားမိတယ်။ အသင်းတစ်သင်းကို ပြောင်းရွှေ့တဲ့အခါမှာ အမြဲတမ်း အချိန်ယူရတာတွေ ရှိနေပေမယ့် အာဆင်နယ်မှာ ရှိခဲ့ရတဲ့ ပထမ (၆)လ ကာလအတွင်းမှာတော့ ကျွန်တော် အဆင်ပြေပြေလေးပဲ ရှိခဲ့ရတယ်။” လို့ ဂျော်ဂျင်ဟိုက ပြောခဲ့ပါတယ်။