အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီးအသင်း တစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့ အေးဂျင့်ဖြစ်သူကတော့ လက်ရှိအချိန်မှာ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ စိတ်ပါဝင်စားနေတဲ့ ဥရောပ ထိပ်သီးအသင်းနှစ်သင်း ရှိတယ်လို့ အတည်ပြု သွားခဲ့ပါတယ်။ အသက် ၂၈နှစ်အရွယ် အီတလီကွင်းလယ်လူ ဂျော်ဂျင်ဟို ဟာ နာပိုလီအသင်းကနေ ချယ်လ်ဆီးအသင်းထံကို နည်းပြဟောင်း ဆာရီနဲ့အတူ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဆာရီလက်ထက်မှာရော လက်ရှိ နည်းပြ လမ်းပတ်ရဲ့ လက်အောက်မှာပါ ချယ်လ်ဆီးအသင်းရဲ့ ပင်တိုင် အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ကွင်းလယ်လူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ဂျော်ဂျင်ဟိုဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေသူ တစ်ဦးဖြစ်ပြီး ကနဦး သတင်းတွေအရ အီတလီစီးရီးအေကို ပြန်လည် ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သော်လည်း ဂျော်ဂျင်ဟိုရဲ့ အေးဂျင့်ဖြစ်သူ ကတော့ ဂျော်ဂျင်ဟိုကို ခေါ်ယူချင်ကြောင်း သူ့ကို လာရောက် ချိတ်ဆက်ထားတဲ့ အသင်းကြီး နှစ်သင်းမှာ အီတလီအသင်းတွေ မပါဝင်ဘူးလို့ ဆိုသွားခဲ့ပါတယ်။ အဆိုပါ အသင်းနှစ်သင်းဟာ ဘယ်အသင်းတွေ ဖြစ်သလဲဆိုတဲ့ အချက်ကိုတော့ ဂျော်ဂျင်ဟိုရဲ့ အေးဂျင့်ဖြစ်သူက ဖွင့်ဟ ပြောဆိုခဲ့ခြင်း မရှိပဲ အဆိုပါ အသင်းနှစ်သင်းစလုံးဟာ ဂျော်ဂျင်ဟိုကို များပြားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ကမ်းလှမ်းဖို့ အသင့်ဖြစ်နေတယ်လို့လည်း အတည်ပြုသွားခဲ့ပါတယ်။

Photo Credit: Metro

 

ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းထားတဲ့ ထိပ်သီးအသင်းနှစ်သင်း ရှိကြောင်းကို ဂျော်ဂျင်ဟိုရဲ့ အေးဂျင့်က ” ဂျော်ဂျင်ဟိုဟာ ချယ်လ်ဆီးအသင်းနဲ့အတူ စာချုပ်သက်တမ်း သုံးနှစ် ရှိနေသေးသလို အသင်းမှာလည်း ခြေစွမ်းပြ ကစားနိုင်နေပါတယ်။ ဒါပေမယ့် သူ့ အတွက် သင့်တော်ပြီး များပြားတဲ့ ပြောင်းရွှေ့ကြေး ပမာဏနဲ့ ကမ်းလှမ်းမယ့်အသင်း ရှိလာခဲ့ရင်တော့ အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာဖွယ် ရှိပါတယ်။ အတိအကျ ပြောရရင်တော့ သူ့ကို ခေါ်ယူချင်တဲ့ ထိပ်သီးအသင်း နှစ်သင်း ရှိနေပါတယ်။ အဲ့ဒီအသင်းတွေက အီတလီအသင်းတွေ မဟုတ်ပါဘူး။ သူတို့က ကျွန်တော့်ကို ချိတ်ဆက် ထားကြပါတယ် ” လို့ အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အဆိုပါအသင်းတွေဟာ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ ဖြစ်နိုင် တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ် ပြောဆိုထားကြပါတယ်။