ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့စ် မက်ဆီကတော့ လီယွန်နယ် မက်ဆီဟာ လတ်တလောမှာ သတင်းတွေ ထွက်ပေါ်နေသလို အသင်းဟောင်း ဘာစီလိုနာဆီ ပြန်လာမှာ မဟုတ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက သူ့ရဲ့ ကစားသမား ဘဝ တခုလုံး နီးပါးကို ဘာစီလိုနာမှာသာ ကစားခဲ့သူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ၊ ဩဂုတ်လမှာတော့ ဘာစီလိုနာက သူ့ကို စာချုပ်သစ် ထပ်မချုပ်တော့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ရပါတယ်။

Photo Credit: Forbes

ဘာစီလိုနာက မက်ဆီကို စာချုပ်သစ် ချုပ်မယ်လို့ ကတိပေးပြီးမှ စာချုပ်သစ် မချုပ်တော့ဖို့ ပြောင်းလဲ ဆုံးဖြတ်ခဲ့တာကြောင့် မက်ဆီက ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေ ဖြစ်တဲ့ ဥက္ကဌ လာပေါ်တာနဲ့ ဘုတ်အဖွဲ့ကို အတော်လေး စိတ်ဆိုးနေပြီး လက်ရှိအချိန် အထိ လာပေါ်တာနဲ့ စကားပြောတာမျိုးလည်း မရှိတော့ပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ လာပေါ်တာက မက်ဆီကို ဘာစီလိုနာဆီ ပြန်ခေါ်ချင်ကြောင်း စကားစလာခဲ့သလို ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းဌာနတွေကလည်း မက်ဆီနဲ့ ဘာစီလိုနာတို့ ကြားထဲမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှု တချို့ ရှိနေကြောင်း ရေးသား ဖော်ပြလာကြပါတယ်။

Photo Credit: Forbes

ယနေ့မနက်မှာတော့ စပိန်နိုင်ငံဆီ ရောက်နေတဲ့ မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့စ် မက်ဆီက မက်ဆီ တယောက် ဘာစီလိုနာဆီ ပြန်လာတော့မယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့သလို မက်ဆီဟာ ကစားသမား ဘဝမှာ ဘာစီလိုနာဆီ ပြန်လာမယ်လို့ မထင်ကြောင်း ပြောကြားလာပါတယ်။

ဂျော့စ် မက်ဆီက – “မက်ဆီက ဘာစီလိုနာဆီ ပြန်လာမယ်လို့ မထင်ပါဘူး။ မက်ဆီ လိုချင်တဲ့ အချက်တွေနဲ့ ဘာစီလိုနာ လိုချင်တဲ့ အချက်တွေက မတူကြဘူးလေ။ ကျွန်တော်တို့က ဥက္ကဌ လာပေါ်တာနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့တာမျိုး မရှိပါဘူး။ ဘာစီလိုနာဘက်က မက်ဆီအတွက် ကမ်းလှမ်းမှု တကြိမ်တောင် မလုပ်ထားပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။