စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့စ်မက်ဆီဟာ လတ်တလောမှာ သားဖြစ်သူ မက်ဆီရဲ့ အပြောင်းအရွှေ့ အတွက် ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ် နေကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ကို ၆ကြိမ်အထိ ရရှိထားတဲ့ အသက် ၃၃နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ငယ်စဉ်ကတည်းက ကစားလာခဲ့တဲ့ ဘာစီလိုနာ အသင်းနဲ့ စာချုပ်သက်တမ်း ၆လကျော်သာ ကျန်ရှိတော့သူ ဖြစ်ပြီး ယခုလ အတွင်းမှာသာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရရှိပါက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အခြားအသင်း တစ်သင်းထံ ပြောင်းရွှေ့ဖို့ အကြို သဘောတူညီမှုစာချုပ် ချုပ်ဆိုနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: AS English

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်ကြောင့် ကျပ်တည်းနေတဲ့ ဘဏ္ဏာရေး အနေအထားကြောင့် မက်ဆီကို ခေါ်ယူနိုင်တဲ့ အသင်းဟာ များများစားစား ရှိမနေပဲ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီးအသင်း ၊ မန်ချက်စတာ စီးတီးအသင်း ၊ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်း တို့ကသာ မက်ဆီကို ခေါ်ယူနိုင်မယ့် အနေအထားမှာ ရှိပါတယ်။ ဒါပေမယ့် လတ်တလော မှာတော့ မန်ချက်စတာ စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ကသာ မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြပြီး စပိန်နိုင်ငံ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ မက်ဆီဟာ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းထံသာ ရောက်ရှိဖို့ နီးစပ်နေကြောင်း သိရှိ ရပါတယ်။

Photo Credit: AS English

El Chiringuito သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့စ်မက်ဆီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ပီအက်စ်ဂျီအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ခပ်စိတ်စိတ် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဘာစီလိုနာမြို့မှာ ရှိတဲ့ ကာတာနိုင်ငံရဲ့ ကောင်စစ်ဝန်ရုံး အတွင်းမှာ အစည်းအဝေးတွေ ပြုလုပ်နေကြောင်း သိထားရပါတယ်။ မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ အနားမယူခင်မှာ ချန်ပီယံလိဂ်ဖလားကို နောက်ထပ် တစ်ကြိမ် ထပ်ယူနိုင်ဖို့ ကြိုးစားချင်နေသူ ဖြစ်ပြီး လက်ရှိ ဘာစီလိုနာ အသင်းရဲ့ အနေအထားဟာ ချန်ပီယံလိဂ် ဖလားကို ရယူနိုင်တဲ့ အနေအထားမှာ မရှိနေတာကြောင့် သူ့ရဲ့ အသင်းဖော်ဟောင်း တစ်ဦး ဖြစ်သူ နေမာ ရှိနေတဲ့ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပျနေကြောင်း နီးစပ်သူတွေက ဖွင့်ဟ ပြောဆို ထားကြပါတယ်။ ဒါပေမယ့် မက်ဆီဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာမှာ မဟုတ်ပဲ ရာသီကုန်မှသာ အသင်းကနေ ထွက်ခွာမှာ ဖြစ်ကြောင်း သိရပါတယ်။