ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ ထိပ်သီးကလပ် အယ်လ်ဟီလာအသင်း နည်းပြကြီး ဂျော့ချ် ဂျီးဆပ်စ်ကတော့ လက်ရှိ လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ သူ့တပည်ဟောင်းဖြစ်သူ တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ကို အယ်လ်ဟီလာအသင်းဆီ ခေါ်ဆောင်သွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်ကစားသမား နူးညက်ဇ်ဟာ ၂၀၂၂ခုနှစ် နွေမှာပဲ ဘင်ဖီကာကနေ လီဗာပူးလ်အသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ နူးညက်ဇ်က လီဗာပူးလ် ကစားသမားဘဝ တတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။

Photo Credit : The Anfield Warp

ပြီးခဲ့တဲ့ ရာသီက လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၁၈)ဂိုးသွင်းပြီး (၁၃)ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့တဲ့ နူးညက်ဇ်ဟာ အခုရာသီမှာတော့ ရာသီဝက်မှာ (၄)ဂိုးသာသွင်း ဂိုးဖန်တီးမှုလည်း (၄)ကြိမ်သာ ဖန်တီးထားနိုင်သလို အသင်းအတွက် ကစားပေးထားခဲ့တဲ့ နောက်ဆုံး (၁၀)ပွဲအတွင်းမှာပါ နူးညက်ဇ်က သွင်းဂိုး (၁)ဂိုးတည်းသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ နူးညက်ဇ်ကို လီဗာပူးလ်အသင်းဘက်က ဈေးကွက်အတွင်းမှာပဲ ရောင်းထုတ်သွားချင်နေပြီး ဒါကို ကလပ်အသင်း တချို့က စောင့်ကြည့်နေကြသလို အခုဆိုရင် နူးညက်ဇ်နဲ့အတူ ဘင်ဖီကာအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြကြီး ဂျော့ချ် ဂျီးဆပ်စ်ကပါ နူးညက်ဇ်ကို အယ်လ်ဟီလာဆီ ခေါ်ဆောင်ချင်နေပါတယ်။

Photo Credit : Last Word on Sports

အယ်လ်ဟီလာက ဆော်ဒီပရိုလိဂ်ရဲ့ လက်ရှိချန်ပီယံ ဖြစ်သလို နေမာ မီထရိုဗစ် မီလင်ကိုဗစ်ဆာဗစ် နေးဗက်စ် ကန်ဆယ်လို ကူလီဘလီ ဘိုနူ မယ်လ်ကွန်တို့လို ထိပ်တန်းကစားသမားတွေပါ ပိုင်ဆိုင်ထားတာဖြစ်ပြီး အသင်းရဲ့ ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား နေမာကတော့ မကြာခင်မှာပဲ အသင်းကနေ ထွက်ခွာသွားရနိုင်ပါတယ်။

ဒါကြောင့် နေမာလို ပုံရိပ်မြင့်မားတဲ့ ကစားသမားတစ်ဦး နေရာမှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မိုဟာမက် ဆာလာကို ပစ်မှတ်ထားနေသလို အခုလည်း လီဗာပူးလ်ကနေ ထွက်ခွာသွားရတော့မယ့် နူးညက်ဇ်ကိုပါ ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နူးညက်ဇ်ကတော့ လီဗာပူးလ်ကနေ ထွက်ခွာရမယ်ဆိုရင်တောင်မှ ဆော်ဒီဆီ ပြောင်းရွှေ့ဖို့ ဥရောပမှာသာ ဆက်လက် ကျင်လည်သွားနိုင်ပါတယ်။