MySport Myanmar

မက်ဆီ ရှိနေတဲ့ အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေတဲ့ ဂျော်ဒီ အယ်လ်ဘာ

စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာနဲ့ စာချုပ် ဖျက်သိမ်းထားတဲ့ ဝါရင့် စပိန်ဘယ်နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာက သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သူ လီယွန်နယ် မက်ဆီ တယောက် မကြာသေးမီကမှ ပြောင်းရွှေ့ထားတဲ့ မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့ဖို့ ​ဆွေးနွေးမှုတွေ လုပ်ဆောင်ထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် ဝါရင့် စပိန်ဘယ်နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာက ၂၀၁၂ခုနှစ်မှာ ဗလင်စီယာ ကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့ကြေး ယူရို ၁၄သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဆယ်စုနှစ် တစုကျော်ကြာ အသင်းရဲ့ အဓိက ဘယ်နောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပြီး သူက ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဂျော်ဒီ အယ်လ်ဘာက ယခုချိန်အထိ အကောင်းဆုံး ခြေစွမ်းတွေကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပေမယ့် ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းလိုတာကြောင့် လုပ်ခလစာ မြင့်မားတဲ့ အယ်လ်ဘာကို အသင်းကနေ ထွက်ခွာဖို့ တိုက်တွန်းခဲ့ပြီး အယ်လ်ဘာကလည်း အသင်းကို ကူညီချင်တာကြောင့် စာချုပ်သက်တမ်း ၁နှစ် ကျန်နေသေးပေမယ့် အသင်းကနေ ထွက်ခွာပေးဖို့ သဘောတူခဲ့ပါတယ်။

လက်ရှိမှာတော့ ဂျော်ဒီ အယ်လ်ဘာက အသင်းလက်မဲ့ ကစားသမား တဦး ဖြစ်ပြီး မေဂျာလိဂ် နာမည်ကြီးကလပ်တွေ ၊ ဆော်ဒီနာမည်ကြီးကလပ်တွေနဲ့ အာရှဒေသရဲ့ နာမည်ကြီး ကလပ်တချို့က အယ်လ်ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်ထားပါတယ်။

Photo Credit: Clutch Points

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အယ်လ်ဘာက သူနဲ့ ဘာစီလိုနာမှာ ဆယ်စုနှစ် တစ်စုနီးပါး အတွဲညီညီ ကစားခဲ့ဖူးတဲ့ လီယွန်နယ် မက်ဆီ ရှိနေတဲ့ အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့ဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အယ်လ်ဘာက ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေလည်း ရရှိထားတာကြောင့် မကြာခင်မှာပဲ သူ့ရဲ့ အသင်းသစ်ကို ရွေးချယ်သွားမယ်လို့ သိရပါတယ်။

စပိန်အခြေစိုက် သတင်းဌာန တချို့က အယ်လ်ဘာဟာ အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်းကို ထပ်ဆင့် အတည်ပြုပေးခဲ့ပြီး မက်ဆီကလည်း အယ်လ်ဘာကို အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့လာဖို့ တိုက်တွန်းနေကြောင်း ဖော်ပြထားကြပါတယ်။

Exit mobile version