ဆော်ဒီပရိုလိဂ် ကလပ် အယ်လ်အစ်တီဖာအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျော်ဒန် ဟန်ဒါဆန်ဟာ ဆော်ဒီလိဂ်မှာ မပျော်မရွှင်တော့တာကြောင့် အင်္ဂလန် ပရီးမီးယားလိဂ်ဆီကိုသာ ပြန်သွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

လီဗာပူးလ်အသင်းမှာ ဆယ်စုနှစ်တစ်ခုကျော်အထိ ပါဝင်ကစားခဲ့ပြီးမှ ဆော်ဒီကလပ်အသင်း အယ်လ်အစ်တီဖာအသင်းဆီ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူ ဟန်ဒါဆန်က အခုတော့ သူရဲ့ မွေးရပ်မြေ အင်္ဂလန်ဆီကိုသာ ပြန်လည် ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit : talkSPORT

အသက် (၃၃)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ အယ်လ်အစ်တီဖာမှာ သူရဲ့ လီဗာပူးလ် အသင်းဖော်ဟောင်းဖြစ်သူ နည်းပြ စတီဗင် ဂျရတ်နဲ့ ပူးပေါင်းခွင့် ရခဲ့ပြီး တစ်ပတ်လုပ်ခကိုလည်း ပေါင် (၇၀၀၀၀၀)အထိတောင် ရရှိနေပေမယ့်လည်း ဆော်ဒီမြေမှာ အတည်တကျဖြစ်ဖို့ ရုန်းကန်နေရပါတယ်။

အယ်လ်အစ်တီဖာအသင်းဟာလည်း နည်းပြ ဂျရတ်ကို ခန့်အပ်ပြီးနောက် ဟန်ဒါဆန် အပါအဝင် ဝိုင်နယ်လ်ဒမ်းစ် မူဆာဒမ်ဘီလီ ဒီမာရိုင်းဂရေး နဲ့ ဂျက်ဟန်ဒရီတို့လို ကစားသမားတွေကို ခေါ်ယူ ဖြည့်တင်းခဲ့ပေမယ့် အသင်းက ရလဒ်တွေ တောက်လျှောက် ဆိုးရွှားနေရပါတယ်။

Photo Credit : Liverpool

ဟန်ဒါဆန်ရဲ့ အယ်လ်အစ်တီဖာအသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ (၂၉)ရက်နေ့ နောက်ပိုင်းကတည်းက ဆော်ဒီပရိုလိဂ် ပွဲပေါင်း (၈)ပွဲဆက်တိုက်အထိ နိုင်ပွဲ ပျောက်ဆုံးထားခဲ့ရသလို King Cup မှာလည်း အယ်လ်နာဆာကို ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဒါကြောင့် အသင်းနည်းပြ ဂျရတ်ရဲ့ အနာဂတ်ပါ မသေမချာ ဖြစ်လာခဲ့ရသလို အသင်းရဲ့ အဓိက ကစားသမား ဟန်ဒါဆန်ကိုယ်တိုင်ကလည်း အခု ဆောင်းဈေးကွက်အတွင်းမှာပဲ ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းသင်းဆီကို ပြန်လည် ပြောင်းရွှေ့ချင်နေပါတယ်။