ယနေ့မနက်မှာ ကစားခဲ့တဲ့ လင်ကွန်း အသင်းနဲ့ လီဗာပူး အသင်းတို့ရဲ့ ပွဲစဉ်ကို ကြည့်လိုက်မိတဲ့ ပရိသတ်တွေ သတိထားမိမယ့် ကစားသမား တစ်ဦး ကတော့ လီဗာပူးလ် အသင်းရဲ့ လူငယ် ကွင်းလယ် ကစားသမား ကာတစ်ဂျုံးစ် ပါပဲ။ လီဗာပူး အသင်းကို အားပေးတဲ့ ပရိသတ်တွေ ဆိုရင်တော့ လီဗာပူး အသင်းနဲ့ လိဒ်ယူနိုက်တက် အသင်းတို့ရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ လူစားဝင် ကစားခဲ့ပြီး လိဒ်ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကို ဖျက်ဆီးပြခဲ့တဲ့ ကာတစ်ဂျုံးစ်ကို မှတ်မိ နေကြမှာပါ။ အသက် ၁၉ နှစ် အရွယ် သာ ရှိသေးတဲ့ ကာတစ်ဂျုံးစ်ဟာ လက်ရှိ လီဗာပူး အသင်းရဲ့ လူငယ် ကြယ်ပွင့် ကစားသမား ဖြစ်တဲ့ အာနိုးလ် လိုမျိုး မကြာမီမှာ လီဗာပူးအသင်း ရဲ့ အားထားရတဲ့ ကစားသမား ဖြစ်လာလိမ့်မယ် လို့ ထင်ကြေး ပေးခံထားရသူ တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: Standard

လီဗာပူး အသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ် လာခဲ့တဲ့ ကာတစ်ဂျုံးစ် ဟာ လီဗာပူးအသင်း ရဲ့ သက်တမ်း အလိုက် အသင်းတွေမှာ အဓိက ကစားသမား တစ်ဦး အဖြစ် ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်​ပြီး လက်ရှိ ရာသီမှာလည်း လီဗာပူးအသင်း အတွက် ၂ပွဲ ပါဝင် ကစားပေး ထားပြီး ၂ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် လင်ကွန်း အသင်းကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ ဂျုံးစ်ရဲ့ ခြေစွမ်းခြေစ ကို အတိုင်းသား မြင်တွေ့ ခဲ့ရပြီး ဂျုံးစ်ဟာ လီဗာပူး အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင် သွားခဲ့တဲ့ ကစားသမား ဆိုလည်း မမှားပါဘူး။ ဂျုံးစ်ဟာ လင်ကွန်း အသင်းနဲ့ ပွဲမှာ ကွင်းလယ်လူ တစ်ဦး အဖြစ် ပါဝင် ကစားခဲ့ပေမယ့် ဂိုးကန်သွင်းမှု ၅ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အဆိုပါ ၅ ကြိမ်မှာ ၃ကြိမ်ဟာ ဂိုးပေါက် တည့်ခဲ့ကာ သွင်းဂိုး ၂ဂိုး ရရှိခဲ့ပါတယ်။

Photo Credit: Standard

ဒါ့အပြင် ဂျုံးစ်ဟာ အပိုင် အခွင့်အရေး ၁ကြိမ် ဖန်တီး ပေးနိုင်ခဲ့သလို ကွင်းလယ် ကစားသမား တစ်ဦး အနေနဲ့လည်း ဘောလုံး ပေးပို့ရာမှာ ၉၂ ရာခိုင်နှုန်းအထိ အောင်မြင်မှု ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဘောလုံး သုံးသပ်သူတွေက ဂျုံးစ်ဟာ လီဗာပူး အသင်းက လိုအပ်နေတဲ့ တိုက်စစ် အားသန် ကွင်းလယ်လူ တစ်ဦး ဖြစ်ပြီး မကြာခင်မှာပဲ နည်းပြ ကလော့ပ်ရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင် လာလိမ့်မယ်လို့ ဟောကိန်း ထုတ်သွားကြပါတယ်။ လီဗာပူး အသင်းရဲ့ နည်းပြ ဖြစ်သူ ဂျာဂင် ကလော့ပ်ဟာ ယခုနှစ် ဘောလုံးရာသီ မစမီမှာ အသင်းရဲ့ ကွင်းလယ်လူတွေ ကနေ သွင်းဂိုးတွေ ပိုမို လိုအပ်တယ် လို့ ပြောဆိုခဲ့ဖူးပြီး လက်ရှိ လီဗာပူး အသင်းရဲ့ ကွင်းလယ်လူတွေ ထဲမှာ ဝစ်နယ်ဒန် တစ်ဦးထဲကသာ သွင်းဂိုးတချို့ သွင်းယူ ပေးနိုင်တာ ဖြစ်ကာ ဝစ်နယ်ဒန်ဟာ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့မယ် လို့ သတင်းတွေ ထွက်ပေါ် နေတာကြောင့် ကာတစ်ဂျုံးစ်ရဲ့ နေ့ရက်တွေကို လီဗာပူး အသင်းမှာ မြင်တွေ့ခွင့် ရဖွယ် ရှိပါတယ်။ ကာတစ်ဂျုံးစ် လို လူငယ် ခြေတက် ကစားသမားတွေကို သဘောကျလေ့ ရှိတဲ့ ကျွန်တော့် အတွက်တော့ ဂျုံးစ်ရဲ့ ကြိုးကြာနီတွေ အတွက် တောက်ပပြမယ့် နေ့ရက်တွေကို မျှော်နေရတာ ဟာ အရမ်းကြိုက်တဲ့ ဇာတ်လမ်းတွဲ တစ်ခုကို စောင့်ကြည့် နေရသလိုပါပဲဗျာ…။