ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူသစ် ဗာရန်းဟာ ကျောနံပါတ် ၁၉ကို ဝတ်ဆင် ကစားသွားမယ့် အကြောင်း ယမန်နေ့မှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လိဒ်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မတိုင်မီ တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၅ခုနှစ် + နောက်ထပ် ၁နှစ် ဆိုတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့သူပါ။

Photo Credit: Express

ဗာရန်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ကျောနံပါတ် ၁၉ကို ဝတ်ဆင် ကစားမယ်လို့ တရားဝင် ကြေညာခဲ့ပေမယ့် ကနဦးမှာ ဗာရန်း ဝတ်ဆင်ချင်တဲ့ ကျောနံပါတ်ဟာ ၁၉ မဟုတ်ပဲ ကျောနံပါတ် ၄သာ ဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြသွားပါတယ်။

လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကျောနံပါတ် ၄ ပိုင်ရှင်ဟာ အသင်းရဲ့ သက်တော်ရှည် နောက်ခံလူ ဖီးလ်ဂျုံးစ် ဖြစ်ပြီး ဖီးလ်ဂျုံးစ်ဟာ ဒဏ်ရာတွေကြောင့် အသင်းအတွက် ပါဝင် ကစားပေးနိုင်ခြင်း မရှိတာဟာ ၁နှစ်ကျော်အထိ ကြာမြင့်နေပါပြီ။

Photo Credit: Express

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ် ချုပ်ဆိုပြီးနောက် ဗာရန်းက ဖီးလ်ဂျုံးစ်အနေနဲ့ သူ့ရဲ့ ကျောနံပါတ်၄ကို လွှဲပြောင်းပေးချင်လား ဆိုပြီး မေးမြန်းခဲ့ကာ ဖီးလ်ဂျုံးစ်ကတော့ သူ့ရဲ့ ကျောနံပါတ်ကို ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ကျောနံပါတ်၄ကို မရယူနိုင်တဲ့နောက် ဗာရန်းဟာ သူ့ရဲ့ ကစားသမားဘဝ အစမှာ ဝတ်ဆင်ဖူးတဲ့ ကျောနံပါတ် ၁၉ကို ပြောင်းလဲ ရယူခဲ့ပြီး ဗာရန်း မရောက်ခင်က ကျောနံပါတ် ၁၉ရဲ့ ပိုင်ရှင် ဖြစ်ခဲ့တဲ့ ဒီရယ်လိုကတော့ ကျောနံပါတ် ၁၆ကို ပြောင်းလဲ ရယူခဲ့ပါတယ်။