နေမာ ဘာပေတို့အပြင် လီယွန်နယ်မက်ဆီပါ ရောက်ရှိလာခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲအတွင်းမှာ ဒီတိုက်စစ်ကစားသမားတွေကို ကျော်ဖြတ်ပြီး ဒီနှစ်ရာသီရဲ့ လီဂူးဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်လို့နေတဲ့ လိုင်လီအသင်း တိုက်စစ်ကစားသမား ဂျိုနသန်ဒေးဗစ်ကို ဥရောပ ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလာကြပြီး ဒီအသင်းတွေထဲမှာ စပိန်လာလီဂါ ကလပ်အသင်းကြီး ရီးယဲလ်မက်ဒရစ်အသင်းလည်း ပါဝင်လာနိုင်တယ်လို့ စပိန်နာမည်ကြီး Marca သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Marca

အသက်(၂၁)နှစ်အရွှယ်ရှိ ကနေဒါလက်ရွေးစင် တိုက်စစ်ကစားသမား ဂျိုနသန်ဒေးဗစ်ဟာ ဘယ်လ်ဂျီယံ ထိပ်တန်းအသင်း ဂျန့်အသင်းကနေ လိုင်လီအသင်းဆီကို ၂၀၂ဝခုနှစ်မှာ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပထမရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး (၁၃)ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယမြောက်ရာသီဖြစ်တဲ့ အခုနှစ်ဘောလုံးရာသီမှာတော့ သူရဲ့ပြိုင်ပွဲစုံသွင်းဂိုးက (၁၆)ဂိုးအထိတောင် ရှိလာခဲ့ရပါတယ်။ လီဂူးဝမ်းပြိုင်ပွဲအတွင်း (၁၉)ပွဲကစားအပြီး သွင်းဂိုး(၁၂)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့တဲ့ တိုက်စစ်မှူးဒေးဗစ်ကို လက်ရှိမှာ အာဆင်နယ်အသင်းကနေ အဓိက ပစ်မှတ်ထားနေသလို လိုင်လီရဲ့ပြိုင်ဘက် ပီအက်စ်ဂျီအသင်းကလည်း အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် ဘာပေရဲ့နေရာမှာ အစားထိုးသွားချင်နေပါတယ်။

Photo Credit : CaughtOffside

ဒီလို ဂိုးသွင်းစွမ်းရည်ကောင်းတွေ ပြသလျက်ရှိနေတဲ့ ဂျိုနသန်ဒေးဗစ်ရဲ့ အေးဂျင့်ဖြစ်သူက သူရဲ့ကစားသမားအနေနဲ့ ဒှီစ်ဘောလုံးရာသီ ဖြတ်သန်းပြီးတာနဲ့ ပြင်သစ်လီဂူးပြိုင်ပွဲကနေ ထွက်ခွာသွားတော့မှာ ဖြစ်တယ်လို့ အသိပေး ပြောဆိုလာခဲ့တဲ့အတွက် ဒေးဗစ်ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေအတွက် သတင်းကောင်းလို ဖြစ်လာခဲ့ရပါတယ်။ ဒေးဗစ်ရဲ့ အေးဂျင့်က ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ သူရဲ့ကစားသမားအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်တယ်လို့ ပြောဆိုထားခဲ့ပေမယ့် ကစားသမားဖြစ်သူကတော့ စပိန်လာလီဂါမှာ ကစားရဖို့ ပိုမိုသဘောကျတယ်လို့ ပြောဆိုထားခဲ့တာကြောင့် သူ့ကို လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းကနေ ပစ်မှတ်ထားလာနိုင်တယ်လို့ Marca ကနေ ဖော်ပြလာခဲ့ပါတယ်။ နည်းပြကြီး အန်စလော့တီအနေနဲ့ လာမယ့်နွေစျေးကွက်ထဲမှာ အသင်းအတွက် အင်အားဖြည့်တင်းသွားဖွယ် ရှိလို့နေပြီး တိုက်စစ်ပိုင်းအတွက် ဘာပေ ဟာလန်းတို့ကို ပစ်မှတ်ထားလျက်ရှိနေသလို ဒီကစားသမားတွေ မခေါ်ယူနိုင်ခဲ့ရင် ဂျိုနသန်ဒေးဗစ်ကို အရခေါ်ယူဖွယ် ရှိနေသလို ဟာဇက်ကိုလည်း သူရဲ့အသင်းဟောင်း လိုင်လီအသင်းဆီ ပြန်လည်ရောင်းချပေးလာနိုင်ပါတယ်။