ဒီနွေဈေးကွက်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာရနိုင်ဖွယ် ရှိနေတဲ့ နောက်ခံကစားသမား ဂျိုး ဂိုးမက်ဇ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ချယ်လ်ဆီးလည်း ပါဝင်လာခဲ့တယ်လို့ ဗြိတိန်သတင်းမီဒီယာတွေမှာ ဖော်ပြလာခဲ့ပါတယ်။
အသက် (၂၇)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ဂျိုး ဂိုးမက်ဇ်ဟာ ချာတန်မှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၅ခုနှစ်မှာပဲ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပါတယ်။ ခံစစ်မှာ ဗဟိုခံစစ်ရော ဘယ်ခြမ်းနဲ့ ညာခြမ်း ခံစစ်တွေအထိပါ ကစားနိုင်တဲ့ ဂိုးမက်ဇ်က လီဗာပူးလ်အတွက်လည်း (၉)ရာသီအထိတောင် ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။
Photo Credit : Sky Sports
အင်္ဂလန်အသင်းအတွက် (၁၅)ပွဲအထိ ကစားခဲ့ရဖူးတဲ့ ဂိုးမက်ဇ်ဟာ လီဗာပူးလ်နဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် နည်းပြသစ် အာနယ် ဆလော့လက်ထက် ဆီဗီလာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲ တစ်ပွဲတည်းကိုသာ ပါဝင်ခဲ့ရပြီး အစ်ဝစ်ချ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကိုလည်း အသင်း squad ကနေပါ ချန်လှပ်ခံခဲ့ရပါတယ်။
အစ်ဝစ်ချ်နဲ့ ပွဲစဉ်မှာ မပါဝင်လာခဲ့ရတဲ့နောက်ပိုင်း ဂိုးမက်ဇ်ရဲ့ အနာဂတ် အခြေအနေတွေက ပိုလို့တောင် လှုပ်ခတ်လာခဲ့ရပြီး ဈေးကွက်မပိတ်ခင်မှာပဲ အသင်းကနေ ရောင်းချခံရတော့မယ်လို့ မှတ်ချက်ပေးလာခဲ့သလို သူ့ကိုလည်း ချယ်လ်ဆီး အပါအဝင် နယူးကာဆယ် ဗီလာ ဖူလ်ဟမ်တို့ကပါ စောင့်ကြည့်လာခဲ့ကြပါတယ်။
Photo Credit : Goal
ခံစစ်မှာ နေရာအစုံ ကစားနိုင်တဲ့အပြင် ပရီးမီးယားလိဂ်မှာ ပွဲပေါင်း (၁၄၀)အထိ ကစားထားဖူးသလို ချန်ပီယံလိဂ် အတွေ့အကြုံပါ ရှိတဲ့ ဂျိုး ဂိုးမက်ဇ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် ဥရောပက ကလပ်အသင်းတွေကလည်း စိတ်ဝင်စားနေကြပြီး လီဗာပူးလ်ကတော့ ဂိုးမက်ဇ်အတွက် အနိမ့်ဆုံး ပေါင် သန်း(၃၀)ခန့် သတ်မှတ်လာနိုင်ပါတယ်။
တကယ်လို့ ဂိုးမက်ဇ်ကို တစ်သင်းသင်းဆီ ရောင်းချလိုက်မယ်ဆိုရင် လီဗာပူးလ်က ဒီနွေမှာ မာတစ် ဂိုးမက်ဇ်တို့လို ခံစစ်မှူး (၂)ဦးအထိ လက်လွတ်လိုက်ရမှာဖြစ်လို့ ဈေးကွက်မပိတ်ခင်မှာ ခံစစ်ပိုင်းအတွက် ကစားသမားသစ် ပြန်လည် ခေါ်ယူလာနိုင်ပြီး ဒီနွေဈေးကွက်ထဲမှာ ကစားသမား ဖြည့်တင်းလို့ မပြီးနိုင်သေးတဲ့ ချယ်လ်ဆီးကလည်း ဂိုးမက်ဇ်ကို ခေါ်ယူချင်နေပြန်ပါတယ်။