ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ အဖြစ် ရံဖန်ရံခါ လုပ်ကိုင်လေ့ ရှိတဲ့ ဂလင်းဂျွန်ဆင်က သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီးဟာ အင်တာမီလန်ဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ လူကာကူရဲ့ နေရာအတွက် အစားထိုး တိုက်စစ်မှူး ဝယ်ယူမယ့် အစား အသင်းရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဘရော်ဂျာကိုသာ နေရာပေး သုံးစွဲသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပိုင်ရှင် လူကာကူကို သူ့ရဲ့ အသင်းဟောင်း အင်တာမီလန်ဆီ တရာသီအငှားနဲ့ စေလွှတ်ခဲ့သလို နောက်ထပ် တိုက်စစ်မှူး တဦး ဖြစ်သူ တီမိုဗာနာကိုလည်း သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ချယ်လ်ဆီးက အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်နိုင်မယ့် ထိပ်တန်း တိုက်စစ် ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး လက်ရှိမှာတော့ လိဒ်ယူနိုက်တက် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာနဲ့ မန်ချက်စတာ စီးတီး တောင်ပံတိုက်စစ် ကစားသမား စတာလင်းတို့ဟာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ်တွေပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဂလင်းဂျွန်ဆင်ကတော့ သူ့ရဲ့ အသင်းဟောင်း အနေနဲ့ တခြားအသင်းတွေရဲ့ တိုက်စစ် ကစားသမားတွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးချေကာ ခေါ်ယူနေမယ့် အစား ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆောက်သမ်တန်ဆီ တရာသီအငှားနဲ့ ထွက်ကစားရင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဘရော်ဂျာကိုသာ ယုံယုံကြည်ကြည်နဲ့ သုံးစွဲသင့်ကြောင်း အကြံပေးခဲ့ပါတယ်။

Photo Credit: Sky Sports

ဂလင်းဂျွန်ဆင်က – “ကျွန်တော်ကတော့ ချယ်လ်ဆီးဟာ လူကာကူကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့တာကြောင့် နောက်ထပ်တကြိမ် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ အသုံးပြုဖို့ တွန့်ဆုတ်နေမယ်လို့ ထင်ပါတယ်။ တကယ်လို့ ကျွန်တော်သာ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူ တယောက် ဖြစ်နေရင် ပြောင်းရွှေ့ကြေး ပေါင်၈၀သန်းလောက် သုံးပြီး တိုက်စစ်မှူးသစ် ခေါ်ယူမယ့် အစား ဘရော်ဂျာကိုပဲ နေရာပေးဖို့ ဆုံးဖြတ်ပါမယ်။ ကျွန်တော်က ကစားသမားသစ် တယောက်ကို ခေါ်ပြီး အလောင်းအစား လုပ်ရမယ့် အစား အသင်းမှာ ရှိနေတဲ့ ကစားသမားကိုပဲ စွန့်စားပြီး သုံးမှာပါ။ ဘရော်ဂျာက အတော်လေး နည်းစနစ် ကောင်းမွန်တဲ့ ကစားသမားပါ။ ဒါပေမယ့် ကျွန်တော်က ဘရော်ဂျာ တယောက် ဘယ်လောက်ကောင်းလဲ ဆိုတာ သေချာ မသိသေးပါဘူး။ သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆောက်သမ်တန်နဲ့အတူ အရမ်းကို ကောင်းတဲ့ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးက ဆောက်သမ်တန် မဟုတ်တာကြောင့် သူ့အတွက် ဖိအားတွေ ပိုများမှာလည်း သေချာပါတယ်” ဆိုပြီး ထောက်ပြ ပြောဆိုသွားခဲ့တာပါ။

လက်ရှိမှာတော့ ဘရော်ဂျာက ချယ်လ်ဆီးမှာ ဆက်နေဖို့ထက် လန်ဒန်မြို့ခံအသင်း တသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းဆီ ပြောင်းရွှေ့နိုင်ဖို့ နီးစပ်နေပြီး ဝက်စ်ဟမ်းက ဘရော်ဂျာအတွက် ချယ်လ်ဆီးဆီ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပါတယ်။