ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဂလင်းဂျွန်ဆင်က သူ့ရဲ့ အသင်းဟောင်း လီဗာပူးဟာ ပြီးခဲ့တဲ့ နွေဈေးကွက်မှာ အသင်းကနေ ထွက်ခွာသွားတဲ့ တိုက်စစ်မှူး ဆာဒီယို မာနေးကို အသင်းဆီ ပြန်မခေါ်သင့်တော့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဆီနီဂေါ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆာဒီယို မာနေးက ၂၀၁၆ခုနှစ် ကနေ ၂၀၂၂ခုနှစ် အထိ လီဗာပူး အတွက် ကစားပေးခဲ့သူ ဖြစ်ပြီး ဆာဒီယို မာနေးဟာ လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဖလား ၊ ကမ္ဘာ့ကလပ်ဖလား ၊ ဥရောပစူပါဖလား ၊ ပရီးမီးယားလိဂ်ဖလား ၊ ကာရာဘောင်းဖလား ၊ အက်ဖ်အေဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

ဆာဒီယို မာနေးက ယခုနှစ် ဘောလုံးရာသီ အစမှာတော့ လီဗာပူးကနေ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၃၂သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး မာနေးဟာ ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိကာစမှာ ခြေစွမ်းကောင်း တချို့ ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အသင်းဖော် ဆာနေးနဲ့ ထိုးကြိတ်တဲ့ အထိ ရန်ပွဲ ဖြစ်ပွားခဲ့သလို ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့လည်း ရုန်းကန်လာရပါတယ်။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်က လာမယ့် နွေဈေးကွက် အတွင်းမှာ ဆာဒီယို မာနေးကို အခြားအသင်း တသင်းထံ ပြန်လည် ရောင်းထုတ်ချင်နေပြီး မာနေးက အသင်းဟောင်း လီဗာပူးဆီ ပြန်လည် ပြောင်းရွှေ့ချင်နေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။

 

Photo Credit: Express

လီဗာပူးရဲ့ ကစားသမားဟောင်း တဦး ဖြစ်တဲ့ ဂလင်းဂျွန်ဆင်ကတော့ မာနေးဟာ လီဗာပူးအတွက် အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ ကစားသမားကောင်း တဦး ဖြစ်ခဲ့ပေမယ့် ယခုအချိန်မှာ လီဗာပူးက အသင်းသစ် တသင်းလို ဖြစ်နေတာကြောင့် လီဗာပူးနည်းပြချုပ် ကလော့ပ်ဟာ ဆာဒီယို မာနေးကို ပြန်မခေါ်သင့်တော့ကြောင်း ဆိုလာပါတယ်။

ဂလင်းဂျွန်ဆင်က – “ကလော့ပ်က မာနေးကို အဆက်အသွယ် ပြန်မလုပ်သင့်တော့ဘူးဗျ။ မာနေးက ကစားသမားကောင်း တဦးပါ။ ဒါပေမယ့် သူသာ အခုချိန် ပြန်လာခဲ့ရင် သူက သူ ထွက်သွားတဲ့ အချိန်တုန်းကနဲ့ မတူတော့တဲ့ အသင်းသစ် တသင်းဆီ ပြန်ရောက်လာမှာပါ။ အရင်တုန်းက မာနေးဟာ လီဗာပူးအတွက် အရမ်းကောင်းတဲ့ ကစားသမား တဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အရင်တုန်းက ကောင်းခဲ့တဲ့ အချက်ကို ကြည့်ပြီး မာနေးက အခုချိန်မှာ လီဗာပူးအတွက် ကောင်းတဲ့ ကစားသမား တဦး ဖြစ်လာလိမ့်မယ်လို့ တွေးထားလို့ မရပါဘူး။ ကျွန်တော်ကတော့ လီဗာပူးဟာ မာနေးကို ပြန်ခေါ်သင့်တယ်လို့ မထင်ပါဘူး” ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။