ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂလင်းဂျွန်ဆင်ကတော့ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ လီဗာပူးဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်သွားလိမ့်မယ်လို့ သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။

ဂလင်းဂျွန်ဆန်ရဲ့ အသင်းဟောင်း လီဗာပူးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဓိကပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ နောက်ဆုံးပွဲစဉ် အထိ ချန်ပီယံဆု အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး နောက်ဆုံး ကစားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ်နဲ့ ပွဲစဉ်မှာ ဆိုရင်လည်း အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit: Standard

လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၁၁ပွဲ ယှဉ်ပြိုင် ကစားထားရာ ၄ပွဲနိုင် ၊ ၄ပွဲသရေ ၊ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပြီး အဆိုပါ ရလဒ်ကြောင့်ပဲ ရမှတ် ၁၆မှတ်သာ စုဆောင်းထားနိုင်ကာ အမှတ်ပေးဇယားရဲ့ အဆင့်၈နေရာ အထိ ရောက်ရှိနေပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) အပြီးမှာ ပွဲကျန် ၂ပွဲ အထိ ကစားရဖို့ ကျန်နေသေးပေမယ့် အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ရမှတ် ၁၂မှတ် ၊ ဒုတိယနေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၁၀မှတ် ၊ တတိယနေရာမှာ ရှိနေတဲ့ စပါးနဲ့ ရမှတ် ၇မှတ် ၊ စတုတ္တနေရာမှာ ရှိနေတဲ့ နယူးကာဆယ်နဲ့ ရမှတ် ၅မှတ် အထိ ကွာဟနေပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ လီဗာပူးဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မန်ချက်စတာ ယူနိုက်တက် ၊ စပါး ၊ ချယ်လ်ဆီးတို့နဲ့ အသည်းအသန် ရုန်းကန် ယှဉ်ပြိုင်ရလိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေကြပြီး လီဗာပူး ကစားသမားဟောင်း ဂလင်းဂျွန်ဆန်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ရလဒ်ပိုင်း ဆိုးရွားနေရုံသာမက ပုံမှန်ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့တောင် ခက်ခဲနေတာကြောင့် ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲလိမ့်မယ်လို့ ဆိုလာပါတယ်။

ဂလင်းဂျွန်ဆင်က – “လီဗာပူးဟာ အဆင့်၄ထဲကို ဝင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အခု စကားပြောနေတဲ့ အချိန်မှာပဲ ကစားကွက်ပိုင်းအရ ၊ နည်းစနစ်ပိုင်းအရ လီဗာပူးထက် သာတဲ့ အသင်းဟာ ၉သင်း အထိ ရှိနေပါတယ်။ ဒါကြောင့် လီဗာပူးရဲ့ အခြေအနေက ဆိုးရွားနေပါပြီ” လို့ ဝေဖန် သုံးသပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။