ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဂလင်းဂျွန်ဆင် ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ မန်ချက်စတာ စီးတီးအသင်း ကနေ ထွက်ခွာဖို့ တာစူနေတဲ့ အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား ဖြစ်သူ စတာလင်းကို ပြန်လည် ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်ဟာ လီဗာပူးအသင်းမှာ ၆နှစ်ကြာအောင် ကစားခဲ့သူ ဖြစ်ပြီး အသင်းနဲ့အတူ ကားလင်းဖလား တလုံးသာ အောင်မြင်မှု ရခဲ့ပေမယ့် လက်ရှိအချိန် အထိ လီဗာပူး ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်နေဆဲပါ။

Photo Credit: Metro

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရာဟမ် စတာလင်း ကတော့ လီဗာပူးအသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး လီဗာပူးအသင်း ကနေ မန်ချက်စတာ စီးတီးအသင်းထံ ၂၀၁၅ခုနှစ်မှာ ပြောင်းရွှေ့ကြေး ယူရို ၆၃သန်းနဲ့ ပြောင်းရွှေ့ခဲ့သူလည်း ဖြစ်ပါတယ်။

စတာလင်းဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ် အထိ ကျန်ရှိနေသူ ဖြစ်ပေမယ့် ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရတာကြောင့် လာမယ့် အပြောင်းအရွှေ့ ရာသီတွေမှာ အသင်းကနေ ထွက်ခွာဖို့ တာစူနေပြီး ပွဲထွက်ခွင့် ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ခွင့် ပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေကိုလည်း တောင်းဆိုထားပါတယ်။

Photo Credit: Metro

လက်ရှိအချိန်မှာတော့ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းက စတာလင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စတာလင်း ကတော့ သူ့ရဲ့ အသင်းဟောင်း လီဗာပူးအသင်းထံ ပြန်လည် ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်နေကာ ဂလင်းဂျွန်ဆင်ကလည်း လီဗာပူးအသင်းအနေနဲ့ စတာလင်းကို အသင်းထံ ပြန်ခေါ်သင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

ဂလင်းဂျွန်ဆင်က – “အခုချိန်မှာ စတာလင်းကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာအသင်းနဲ့ လီဗာပူးအသင်းတို့ပဲ စိတ်ဝင်စားနေတာပါ။ ကျွန်တော်ကတော့ လီဗာပူးအသင်းဟာ စတာလင်းလို ကစားသမားမျိုးကို အသင်းဆီ ပြန်ခေါ်သင့်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် မာနေးနဲ့ ဆာလာတို့လို ကစားသမားမျိုးတွေ ရှိနေတဲ့ လီဗာပူးအသင်းမှာ စတာလင်း တယောက် ရောက်ရောက်ချင်းပဲ ပွဲထွက်ခွင့် ရဖို့တော့ မလွယ်ပါဘူး။ ဒါကတော့ သေချာပါတယ်။ ဒါပေမယ့် မာနေးနဲ့ ဆာလာတို့က တရာသီကို ပွဲ၆၀စီ မကစားနိုင်ကြပါဘူး။ ဒီတော့ စတာလင်း အတွက် ပွဲထွက်ခွင့်နဲ့ အခွင့်အရေးတွေက သေချာပေါက် ရောက်လာဦးမှာပါ။ စတာလင်းက ကမ္ဘာ့အဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားဆဲပါ။ ဒါကြောင့် လီဗာပူးအသင်းက သူ့လို ကစားသမားမျိုးကို ပြန်ခေါ်ချင်လိမ့်မယ် လို့ ကျွန်တော် ယူဆပါတယ်” လို့ အကြံပေးစကား ပြောကြားခဲ့တာပါ။