ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နောက်ခံလူဟောင်း တဦး ဖြစ်သူ ဂလင်းဂျွန်ဆင် ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ဒေါ့မွန်အသင်းနဲ့ အတူ တောက်ပနေတဲ့ အင်္ဂလန် လူငယ် ကြယ်ပွင့် ဘယ်လင်ဟမ်ကို လက်လွှတ်မခံပဲ အမိအရ ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဘယ်လင်ဟမ်ဟာ ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်အသင်းနဲ့ အတူ တောက်ပနေတဲ့ ကစားသမား တဦး ဖြစ်ပြီး ကြံ့ခိုင်မှု အားကောင်းကာ ကွင်းလယ်နေရာစုံမှာ ကစားနိုင်စွမ်း ရှိတာက သူ့ရဲ့ အားသာချက် တခုပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

ဘယ်လင်ဟမ်ဟာ အသက် ၁၆နှစ် အရွယ်ထဲက အင်္ဂလန် ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းနဲ့ အတူ စတင် တောက်ပခဲ့သူ ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အတွက် အင်္ဂလန် အင်အားကြီးကလပ် များစွာက ကြိုးစားခဲ့ကြပေမယ့် ဘယ်လင်ဟမ်ကတော့ ပုံမှန် ပွဲထွက်ခွင့် ရမယ့် ဒေါ့မွန်အသင်းဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဘယ်လင်ဟမ်ရဲ့ ဆုံးဖြတ်ချက်ကလည်း ခြွင်းချက်မရှိ မှန်ကန်ခဲ့ပြီး ဘယ်လင်ဟမ်ဟာ ဒေါ့မွန်အသင်းမှာ တနှစ်ကျော်ကြာ ကစားခဲ့ပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၇၀ပွဲ အထိ ကစားပေးနိုင်ခဲ့ရာ ၇ဂိုး သွင်းယူနိုင်ကာ ဂိုးဖန်တီးမှု ၁၃ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အတွက် ဥရောပ ထိပ်တန်းအသင်း များစွာက စိတ်ဝင်စားနေကြပြီး ဂလင်းဂျွန်ဆင် ကတော့ ဘယ်လင်ဟမ်ရဲ့ ကစားပုံနဲ့ လိုက်ဖက်တဲ့ အသင်းဟာ လီဗာပူးအသင်းသာ ဖြစ်ကြောင်းနဲ့ လီဗာပူးအသင်းကလည်း ဘယ်လင်ဟမ်ကို ရအောင် ခေါ်ယူသင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

ဂလင်းဂျွန်ဆင်က – “ဘယ်လင်ဟမ်က သင့်လျော်တဲ့ အချိန်တခုကို ရောက်ရင် အသင်းပြောင်းဖို့ အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် တခု ချလိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လို့ သူကသာ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ပြီး ခြေစွမ်းကောင်းတွေ ပြနိုင်မယ် ဆိုရင် အံ့ဩမိမယ် မထင်ပါဘူး။ ဒီကလေးက မယုံနိုင်အောင် ကောင်းလွန်းတဲ့ ကစားသမား တဦးပါ။ ဒါကြောင့် ကျွန်တော်ကတော့ သူဟာ လီဗာပူးအသင်းရဲ့ ကစားပုံနဲ့ အံဝင်ခွင်ကျ ဖြစ်မယ့် ကစားသမားလို့ပဲ ထင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။