ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဂန္တဝင်နောက်ခံကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျွန်တယ်ရီကတော့ မနေ့ညကပဲ သူရဲ့အသင်းဟောင်း ချယ်လ်ဆီးရဲ့ စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းထဲကို ပြိုင်ဘက်အက်စတွန်ဗီလာအသင်းရဲ့ လက်ထောက်နည်းပြတစ်ဦးအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပြီး အသင်းဟောင်းနဲ့ တစ်ဖက်ကို တစ်ဂိုးစီ သရေကျခဲ့ကာ တစ်မှတ်ခွဲယူခဲ့ကြရာသလို ပွဲစဉ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုအပေါ်မှာလည်း သူရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : The Sun

ဒီပွဲစဉ်အတွင်းမှာ အိမ်ရှင်ချယ်လ်ဆီးအသင်းက ဝါရင့်တိုက်စစ်မှူးကြီး အိုလီဗာဂျရူးရဲ့သွင်းဂိုးနဲ့ စတင်ဦးဆောင်ခွင့်ကို ရရှိခဲ့ပေမယ့်လည်း ဒုတိယပိုင်း ပြန်လည်စတင်ပြီး (၅)မိနစ်အကြာမှာ အယ်ဂါဇီက ဗီလာအသင်းအတွက် ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ အယ်ဂါဇီရဲ့ ချေပဂိုးသွင်းဂိုးနဲ့ပတ်သက်ပြီး အနည်းငယ် အငြင်းပွားဖြစ်ရာတစ်ခု ဖြစ်ပေါ်ခဲ့ပြီး ဒီဂိုးမသွင်းယူခင်မှာ ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီးလစ်နဲ့ ချယ်လ်ဆီးနောက်ခံကစားသမား ခရစ္စတန်ဆန်တို့ ထိခိုက်မိခဲ့ကာ ခရစ္စတန်ဆန်က လှဲကျနေခဲ့တာကို ဒိုင်က ပွဲကိုရပ်နားခြင်းမရှိပဲ ဆက်လက်ကစားခွင့်ပြုခဲ့ရာ ဗီလာတို့ ချေပဂိုးကို ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : The Sun

ဒီသွင်းဂိုးနဲ့ပတ်သက်ပြီး ပွဲကြည့်ပရိသတ်တွေ ဘောလုံးပွဲသုံးသပ်ကြသူတွေကြားမှာ ထင်မြင်ချက်အမျိုးမျိုး ရှိနေကြသလို ဂျွန်တယ်ရီကလည်း သူရဲ့ထင်မြင်ချက်ကို ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးနောက်ခံလူဟောင်း တယ်ရီဟာ သူရဲ့အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရတဲ့အပေါ် စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းထဲကို ပြန်လည်ရောက်လာရတဲ့အပေါ် စိတ်လှုပ်ရှားနေမိကြောင်း ဗီဒီယိုတစ်ခုနဲ့ အင်စတာဂရမ်မှာ ဖော်ပြလာခဲ့ရာ ပရိသတ်တစ်ဦးကနေ ဗီလာရဲ့ချေပဂိုးနဲ့ပတ်သက်ပြီး ကွင်းလယ်ဒိုင် VAR ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေနပ်မိကြောင်းနဲ့ တယ်ရီရဲ့ထင်မြင်ချက်ကရော ဘယ်လိုရှိလဲလို့ မေးမြန်းလာခဲ့ရာ တယ်ရီက “ ခရစ္စတန်ဆန်အနေနဲ့ လှဲကျနေရာကနေ အမြန်ပြန်လည်ထသင့်တယ်” လို့သာ တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။ ခရစ္စတန်ဆန်ဟာ ဂရီးလစ်နဲ့ ထိခိုက်မိရာကနေ လှဲကျခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဒါကို ပြစ်ဒဏ်ဘောမပေးခဲ့တာမို့ ခရစ္စတန်ဆန်အနေနဲ့က လှဲကျနေရာကနေ ပြန်လည်ထလာပြီး အသင်းရဲ့ခံစစ်ကိုသာ လိုက်ကူပေးသင်တယ်လို့ တယ်ရီက သူရဲ့အမြင်ကို ပြန်လည်သုံးသပ် ပြောဆိုလိုက်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်ရဲ့ ဒိုင်လူကြီးဟောင်း ကလတ်တန်ဘတ်ချ်ကလည်း ဗီလာရဲ့ချေပဂိုးကို သတ်မှတ်ပေးခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က ခြွင်းချက်မရှိ မှန်ကန်မှုရှိခဲ့တယ်လို့လည်း ထောက်ခံပြောဆိုလိုက်ပါတယ်။