ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင်ကစားသမား နောက်ခံကစားသမားဟောင်း အသင်းခေါင်းဆောင်ဟောင်းကြီးဖြစ်တဲ့ ဂျွန်တယ်ရီဟာ ၂၀၁၇ခုနှစ်နောက်ပိုင်းကတည်းက အသင်းနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် အခုလက်ရှိမှာတော့ သူရဲ့အသင်းဟောင်းဆီကို ပြန်လည်ရောက်ရှိလာဖို့ အစီအစဉ် ရှိလို့နေပြီး ချယ်လ်ဆီး လူငယ်အကယ်ဒမီရဲ့ နည်းပြတစ်ဦးအဖြစ်နဲ့ တာဝန်ယူ ဆောင်ရွှက်ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Star

အသက်(၄၁)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ အင်္ဂလန်နောက်ခံကစားသမားဟောင်း တယ်ရီဟာ ၂၀၁၉ အောက်တိုဘာလမှာပဲ သူရဲ့ ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်တာဖြစ်ပြီး ရက်ပိုင်းလေးအတွင်းမှာပဲ သူရဲ့နောက်ဆုံး ကလပ်အသင်းဖြစ်တဲ့ အက်စတွန်ဗီလာအသင်းမှာ လက်ထောက်နည်းပြအဖြစ် ဝင်ရောက်ဆောင်ရွှက်ဖြစ်ခဲ့ပါတယ်။ တယ်ရီဟာ နည်းပြဒင်းစမစ်နဲ့အတူ ဗီလာအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်နိုင်ခဲ့ပြီး အသင်းအတွက် (၃)နှစ်တာအထိ တာဝန်ယူပြီးနောက်မှာ အသင်းနဲ့ လမ်းခွဲလိုက်ပြီး လက်ရှိအချိန်ထိ အသင်းလက်မဲ့ အနေအထား ဖြစ်နေရာကနေ အခုဆိုရင် သူရဲ့အသင်းဟောင်း ချယ်လ်ဆီးနဲ့ ပြန်လည်လက်တွဲပြီး ချယ်လ်ဆီးလူငယ် အကယ်ဒမီမှာ နည်းပြတစ်ဦးအဖြစ် လူငယ်ကစားသမားတွေကို သင်ကြားပေးသွားဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

ဗီလာအသင်းမှာ လက်ထောက်နည်းပြအဖြစ် (၃)နှစ်တာအထိ တာဝန်ယူ ဆောင်ရွှက်ဖူးတဲ့ တယ်ရီကို ကလပ်အသင်း (၂)သင်း(၃)သင်းလောက်ကနေ အသင်းနည်းပြ ရာထူးအဖြစ် ကမ်းလှမ်းခဲ့ပေမယ့်လည်း တယ်ရီကတော့ ဒီကမ်းလှမ်းမှုတွေကို လက်ခံသွားဖို့ အဆင့်သင့် မဖြစ်သေးတာကြောင့် သူရဲ့အသင်းဟောင်း ချယ်လ်ဆီးရဲ့ လူငယ်အသင်းမှာ လူငယ်ကစားသမားတွေကို ပြုစုပျိုးထောင်ရေး နည်းပြအဖြစ်နဲ့ ဆောင်ရွှက်ချင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းလူငယ်အသင်းကနေ ချယ်လ်ဆီးလူငယ်အသင်းဆီကို ၁၉၉၅ခုနှစ်မှာ စတင်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၁၉၉၈ခုနှစ်မှာပဲ သူရဲ့ စီနီယာကစားသမားဘဝကို စတင်နိုင်ခဲ့ပါတယ်။ ၁၉၉၈ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိ ချယ်လ်ဆီးအသင်းမှာ ပွဲပေါင်း(၄၉၂)ပွဲအထိ ပါဝင်ကစားခဲ့တဲ့ တယ်ရီဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ယူရိုပါလိဂ်ဖလား (၁)ကြိမ်စီ ပိုင်ဆိုင်နိုင်ခဲ့သလို ပရီးမီးယားလိဂ်ဖလား (၅)ကြိမ် အက်အေဖလား (၄)ကြိမ် လိဂ်ဖလား (၃)ကြိမ်အထိ ပိုင်ဆိုင်နိုင်ခဲ့ပြီး PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုလို တစ်ဦးချင်း ဆုတံဆိပ်တွေလည်း ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။